ရဲမာန်၊ အောက်တိုဘာ ၁၅ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမန်သာကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် (၁) တပ်ရင်းမှ ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့ အောက်တိုဘာ ၁၄ ရက် နေ့လယ် ၁ နာရီ ၅၀ ခန့်မှာ ပါရာမိုတာ ၂ စီးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် သမန်သာရွာရှိ စာသင်ကျောင်းလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“၁၂၀ မမ ဗုံးသီး ၂ လုံး ကြဲသွားတာ။ ထိခိုက်ဒဏ်ရာရတာကတော့ အမျိုးသားတစ်ဦးနဲ့ အမျိုးသီးတစ်ဦးပါ” လို့ ရွှေဘိုခရိုင် အမှတ် (၁) တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဝက်လက်မြို့နယ် ရွာသာကြီးနဲ့ သမန်သာရွာကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ၊ ပါရာမိုတာ၊ ဂျက်ဖိုက်တာတွေနဲ့ ဆက်တိုက် ဗုံးကြဲနေတာတွေ ပြုလုပ်နေတယ်လို့ ၎င်းက ဆိုပါတယ်။
ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်မှုမှာ ဗုံးသီး ၁ လုံးသာ ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ ကျန်ဗုံးသီး ၁ လုံးကိုတော့ ရွှေဘိုခရိူင်တပ်ရင်း (၁) နဲ့ ဝက်လက်မြို့နယ် ပကဖ တို့ ပူးပေါင်းပြီး ရှင်းလင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။