ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၃ ရက်၊ ကွမ်းလုံ
ကိုးကန့်တပ်-MNTJP/MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမြို့နယ်မှာ လျှပ်စစ်ဓာတ်အား ပေးဝေမှုစနစ်ကို မြင့်တင်ဖို့နဲ့ ဒေသအတွင်း လျှပ်စစ်မီး ပုံမှန်ရရှိဖို့ ဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် လျှပ်စစ်မီးကို ယာယီဖြတ်တောက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲလုပ်ငန်းကို ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ စတင်ပြီး လာမယ့် ဒီဇင်ဘာ ၃၁ ရက်အထိ ၁၉ ရက်ကြာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အားကို ချင်းရွှေဟော် ကုန်သိမ်းစခန်းကနေ ကွမ်းလုံမြို့နယ်အထိ ယာယီပိတ်သွားမှာ ဖြစ်တဲ့အတွက် လျှပ်စစ်ပိတ်တဲ့အချိန်အတောအတွင်း ဒေသခံတွေအနေနဲ့ အချက် ၃ ချက် လိုက်နာဖို့ ကိုးကန့်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
ပထမအချက်က လျှပ်စစ်ဓာတ်အားမဖြတ်တောက်ခင်မှာ ဒေသခံတွေအနေနဲ့ လျှပ်စစ်ပစ္စည်းကိရိယာအမျိုးမျိုးကို ကြိုတင်ပိတ်ထားဖို့ ဆိုပါတယ်။
နောက်တစ်ချက်က တတ်ကျွမ်းသူမဟုတ်တဲ့သူတွေအနေနဲ့ လျှစ်စစ်ဓာတ်အား ဖြတ်တောက်တဲ့ အချိန်အတောအတွင်းမှာ လျှစ်စစ်လိုင်းကိရိယာတွေကို သီးသန့်လုပ်ကိုင်ခွင့်မရှိဘူးသလို မလိုအပ်ဘဲ လျှပ်စစ်လိုင်းရှိတဲ့နေရာအနီး မချဥ်းကပ်ဖို့ တောင်းဆိုထားပါတယ်။
တတိယအချက်က လျှပ်စစ်ဓာတ်အား ပြန်ရပြီးချင်းမှာပဲ ဆွဲအားကြီးတဲ့ လျှပ်စစ်ပစ္စည်းကိရိယာတွေကို ချက်ချင်းမဖွင့်ဖို့၊ လျှပ်စစ်လိုင်း ပုံမှန်မဟုတ်တဲ့အခြေအခြေအနေ ဖြစ်သွားပါက တတ်ကျွမ်းသူတွေဆီ အကြောင်းကြားဖို့ လိုအပ်ပါတယ်။
ဒီအချက်အတွေကို ဒေသခံတွေအနေနဲ့ လိုက်နာမှုမရှိဘဲ ဖျောက်ဖျက်ကျူးလွန်ရင် ဖြစ်လာမယ့် အကျိုးဆက် ဘေးအန္တရာယ်တွေကို ကိုယ်တိုင်တာဝန်ယူရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုးကန့်တပ်မတော် – MNTJP/MNDAA ဟာ တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်ထံ ပြန်လွှဲအပ်ပြီးတဲ့နောက်ပိုင်း ထိန်းချုပ်ဒေသမှာ အင်တာနက်လိုင်း၊ ဆက်သွယ်ရေးလမ်းတွေနဲ့ လျှပ်စစ်မီးတွေကို အချိန်တိုအတွင်းမှာ အဆင့်မြှင့်တင်လျက်ရှိတာကို တွေ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။