ရွှေဖီမြေ၊ ဇန်နဝါရီ ၂၆ ရက်
တအာင်းတပ်မတော် – PSLF/TNLA ရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃၁၆ ဦးနဲ့ သုံးစွဲသူ ၂,၁၅၅ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ၎င်းတို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေ အများဆုံးဖမ်းဆီးနိုင်ခဲ့တဲ့ နေရာတွေကတော့ မိုးကုတ်၊ မိုးမိတ်၊ မိုင်းလုံမြို့နယ်တွေဖြစ်ကြပြီး အဲသုံးမြို့မှာ ရောင်းဝယ်သူ ၁၂၁ ဦးနဲ့ သုံးစွဲသူ ၇၆၄ ဦးအထိ ရှိပါတယ်။
ဒုတိယ သုံးစွဲမှုအများဆုံးဖမ်းဆီးရမိတဲ့ နေရာတွေကတော့ မိုင်းငေါ့၊ နမ့်ဆန်၊ မိုင်းဘော် (နမ့်ဟိုင်း)၊ မန်တုံစတဲ့ မြို့နယ်တွေဖြစ်ကြသလို ရောင်းဝယ်သူ ၆၀ ဦးနဲ့ သုံးစွဲသူ ၄၇၈ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နမ့်ခမ်းနဲ့ မူဆယ်မြို့နယ်က တတိယ သုံးစွဲမှု အများဆုံးနေရာတွေဖြစ်ကြပြီး ရောင်းဝယ်သူ ၆၄ ဦးနဲ့ သုံးစွဲသူ ၃၅၈ ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
နောက်ဆုံး လက်နက်ကိုင်ပေါင်းစုံရှိတဲ့ ကွတ်ခိုင်မြို့နယ်နဲ့ မိုင်းယော်တိုက်နယ်မှာတော့ ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးရမိမှုရဲ့ အနည်းဆုံးအဆင့်မှာရှိကြပြီး ကွတ်ခိုင်မြို့နယ်မှာ ရောင်းဝယ်သူ ၈ ဦးနဲ့ သုံးစွဲသူ ၆၄ ဦး၊ မိုင်းယော်တိုက်နယ်မှာ ရောင်းဝယ်သူ ၆ ဦးနဲ့ သုံးစွဲသူ ၇၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
PSLF/TNLA ရဲ့ ၂၀၂၁ ကစပြီး သုံးစွဲခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဟာ ထောင်ဒဏ် ၇ နှစ်ကနေ တစ်သက်တစ်ကျွန်းနဲ့ ညီမျှတဲ့ ၂၀ နှစ် ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ ပြဌာန်းထားပြီး သုံးစွဲသူတွေက ၆ လတိတိ ဆေးကုသမှုခံယူကာ အကျင့်စာရိတ္တပြုပြင်ရမယ်လို့ ပြဌာန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။