ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၄ ရက်
ညီနောင်မဟာမိတ်တွေ ဖြစ်ကြတဲ့ တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ်-MNDAAတို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာကနေ လူမျိုးရေးအသွင်မဆောင်စေဖို့ TNLA နဲ့ MNDAA ကို တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်(TCSO)က ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကစပြီး ကွတ်ခိုင်မြို့နယ်မှာ TNLA နဲ့ MNDAA တို့အကြား တင်းမာမှုတချို့ စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့အချင်းချင်း အပြန်အလှန် ရိုက်နှက်တာ၊ ဖမ်းဆီးတာတွေ ရန်လိုတာတွေမြင်တွေ့နေရတာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကိုင်အချင်းချင်းကြား တင်းမာမှုနောက်ဆက်တွဲ အနေနဲ့ မြေပြင်က လူထုတွေကို ရိုက်နှက်တာ၊ ဖမ်းဆီးတာ၊ ဖြတ်သန်းသွားလာခွင့်ကန့်သတ်တာနဲ့ ကုန်စည်စီးဆင်းမှုပိတ်တာစတဲ့ လူထုတွေကို လက်စားချေတာနဲ့ ရန်လိုတာတွေပြုလုပ်နေပြီး အွန်လိုင်းပေါ်မှာလည်း လူမျိုးရေးပဋိပက္ခအသွင်ဆောင်တဲ့ အပြုအမှုတွေ တွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
TNLA နဲ့ MNDAA နှစ်ဖွဲ့လုံးဟာ ပြည်သူလူထုကိုကာကွယ်ဖို့ လက်နက်ကိုင်လမ်းစဥ်နဲ့ တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့အလျောက် မဟာမိတ်အချင်းချင်းကြားဖြစ်ပွားတဲ့ ပြဿနာတွေကိုလည်း လူထုတွေအပေါ် ပုံမချပဲ နှစ်ဖက်တပ်အကြား ဆွေးနွေးညှိနှိုင်းမှုလမ်းစဥ်နဲ့ မဟာမိတ်အချင်းချင်း အမြန်ဆုံးပြေလည်မှုရအောင် ဖြေရှင်းကြဖို့ကိုလည်း အာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်က တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။