ဝတ်မှုံ၊ မတ်လ ၁၄ ရက်၊ ကွတ်ခိုင်
တအာင်းတပ် – TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် – MNDAA က ဒီနေ့ မတ်လ ၁၄ ရက်မနက် ၁၀ နာရီဝန်းကျင်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် စာမေးပွဲဖြေနေတဲ့ ကျောင်းသူကျောင်းသားတွေ တစ်ဝက်တစ်ပျက်နဲ့ နားလိုက်ရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
တအာင်းပြည်ပညာရေးကောင်စီ – TLEC ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ဒီနေ့ မတ်လ ၁၄ ရက်မှာ ၉ တန်းတွေ စာမေးပွဲဖြေဆိုရမယ့် နောက်ဆုံးနေ့ဖြစ်ပြီး ကိုးကန့်တပ်က မြို့ထဲ လက်နက်ကြီးတွေပစ်ခတ်လာတာကြောင့် စာမေးပွဲချိန်ပြီးအောင် မဖြေခဲ့ရဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
“၅ တန်းတွေက မနေ့ကတည်းကပြီးတာ။ ၉ တန်းတွေကတော့ ဒီနေ့နောက်ဆုံးဖြေတာ။ ကလေးတွေ ဖြေလို့တောင် မပြီးသေးဘူး။ ပစ်နေပြီဆိုတော့ ဆရာမတွေလည်း ပြန်လွှတ်ပေးလိုက်တာပေါ့။ မြို့ထဲမှာလည်း ဆိုင်တွေအကုန်ပိတ်နေပြီဆိုတော့”
ဒီနေ့ ၁၀ နာရီ ၅၇ မိနစ်မှာလည်း ကွတ်ခိုင် ရပ်ကွက် (၄) ဘက်မှာ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲတာရှိတယ်လို့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အခု ၁၀ နာရီ ၅၇ မှာလည်း နောက်တစ်လုံး ထပ်ကျတယ်။ တော်တော်နီးတယ်။ ဒါကလည်း ဘယ်ကပစ်မှန်းတော့ မသိဘူး။ ကျတာတော့ မြို့ထဲကျနေတာပဲ”
ကိုးကန့်တပ်ဟာ မန်ပြိန်းဘက်ကနေ တအာင်းတပ်စခန်းရှိရာကို စတင်ပစ်ခတ်ရာကနေ လက်ရှိ မြို့ဘက်မှာလည်း တစ်ပြိုင်နက် ပစ်ခတ်သံတွေ ပြန်ကြားနေရတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။