မိုင်းရူပ၊ အောက်တိုဘာ ၂ ရက်၊ နမ့်ဖတ်ကာ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ-မူဆယ်မြို့နယ် ၁၀၅ မိုင် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နမ့်အွန်ရွာမှာ ရှမ်းတပ်မတော်- SSPP က ဂိတ်အသစ်ဖွင့်ပြီး ကားသမားတွေဆီကနေ ငွေကောက်ခံနေတယ်လို့ ပေးခဲ့ရတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နမ့်အွန်ရွာရှိ ဂိတ်အသစ်ကို စက်တင်ဘာလ တတိယအပတ်မှာ SSPP ဘက်က ဖွင့်ခဲ့တာဖြစ်ပြီး ဘီးလှိမ့်ခွန်အတွက်ဆိုပြီး ခရီးသည်တင်ကားတစ်စီးကို ၁ သိန်းနဲ့ အိမ်စီးကားတစ်စီးကို ၇ သောင်း ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။
“အရင်က နမ့်အွန်ရွာရဲ့ အဝင်အထွက်မှာ TNLA နဲ့ KIA ပဲရှိတယ်။ အခု SSPP က ရွာထဲမှာ ဂိတ်ပြန်ဖွင့်တာပေါ့။ လိုင်းကားဆို ၁ သိန်း၊ အိမ်စီးကားဆို ၇ သောင်း ပေးရတယ်။ သူတို့ပြောတာ တစ်နှစ်စာ ဘီးလှိမ့်ခွန်ပေါ့” လို့ ပေးခဲ့ရတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
SSPP ဟာ အရင်က ကွတ်ခိုင်-၁၀၅ မိုင် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဂိတ်ဖွင့်တာ မရှိပေမဲ့ စက်တင်ဘာလအတွင်း ဂိတ်အသစ်ဖွင့်ပြီးအခွန်ကောက်ခံလာတာပဲ ဖြစ်ပါတယ်။
မူဆယ်-နမ့်ခမ်း လမ်းပေါ်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်မှာ SSPP တပ်က ဂိတ်အသစ်ဖွင့်ပြီး ကုန်ကားသမားတွေဆီကနေ ငွေကောက်ခံခဲ့ပါတယ်။
ရှမ်းမြောက်မှာ SSPP အပြင် တအာင်းတပ်- TNLA၊ ကချင်တပ်- KIA နဲ့ ကိုးကန့်တပ်- MNDAA တို့ကိုပါ ကားသမားတွေက အခွန်ပေးဆောင်နေရတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။