လွေးထွေး၊ နိုဝင်ဘာ ၂၅ ရက်၊ သီပေါ
ရှမ်းမြောက်က သီပေါတံတား ပိတ်ထားတာကြောင့် လားရှိုး-မန္တလေးသွားတဲ့ ကားတွေ ကွင်းလမ်းအနေနဲ့ အသုံးပြုနေရတဲ့ တာလုံချောင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ငွေပိုပေးတဲ့ကားတွေကို အရင်ခေါ်ပြီး ချောင်းကူးပေးနေတယ်လို့ ကိုယ်တိုင်မြင်ခဲ့ရသူ ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
သီပေါတံတားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်ကတည်းက ပိတ်ထားတာကြောင့် ကားသမားတွေက ဒီနေ့ နိုဝင်ဘာ ၂၅ ရက်အထိ ကွင်းလမ်းအနေနဲ့ အသုံးပြုနေရတဲ့ တာလုံချောင်းကို လှေကူးပြီး အသုံးပြုနေရချိန် တန်းစီစောင့်နေတဲ့ ကားတွေကို အစဉ်လိုက်မကူးပေးဘဲ ညသန်းခေါင်အချိန်မှာ SSPP တပ်က ငွေပေးနိုင်တဲ့ ကားတွေကို အရင်ခေါ်ပြီး ချောင်းကူးပေးနေတာလို့ ဆိုပါတယ်။
ကိုယ်တိုင်မြင်ခဲ့ရသူ ကားသမားက “ကျနော်တို့က ကားသမားချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ တန်းစီပြီး စောင့်တယ်။ ညညရောက်ရင် ရှမ်းစစ်သားက ဟိုအနောက်က ပိုက်ဆံပေးထားတဲ့ ကားတွေကို ကိုယ်တိုင်သွားကြိုတယ်။ ခေါ်လာတယ်။ ကူးပေးတယ်။ ပိုက်ဆံက ဘယ်လောက်ပေးလဲတော့ မသိရပေမဲ့ ဒါမဖြစ်သင့်ဘူး” လို့ ရွှေဖီမြေကို ပြောပါတယ်။
လှေကူးခအနေနဲ့ ၆ ဘီးယာဉ်တွေ ၃ သိန်းခွဲ ပေးရသလို တန်းစီတဲ့ ကုန်ကားတွေက တစ်ရက်ကို ၂ စီးသာ ဖြတ်သန်းခွင့်ရတာကြောင့် တချို့က ၈ ညနဲ့ ၁၀ ညဝန်းကျင်အထိ သောင်တင်နေရတယ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် အဲနေရာမှာ SSPP တပ်သားတွေက အရက်သေစာ သောက်စားပြီး သွားလာတဲ့ ကားသမားတွေကို ဆဲဆိုတာနဲ့ ငွေတောင်းတာတွေအပြင် ပါးရိုက်တာ၊ သေနတ်မောင်းတင် ခြိမ်းခြောက်တာလည်း ရှိခဲ့ကြောင်း အထက်ပါအမျိုးသားက ပြောဆိုပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်ကလည်း တာလုံချောင်းကူးခကို ၆ သောင်းအထိပေးခဲ့ရတယ်လို့ ကားသမားတွေက ရွှေဖီမြေကို ပြောဆိုပါတယ်။
ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်ပိတ်ထားတဲ့ သီပေါတံတားကို ဒီနေ့ နိုဝင်ဘာ ၂၅ ရက်အထိ ပြန်မဖွင့်သေးတာကြောင့် ခရီးသွားလူထုတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။