မိုင်းရူပ၊ ဒီဇင်ဘာ ၁၆ ရက်
ခိုင်မာကျယ်ပြန်တဲ့ နွေဦးတော်လှန်ရေးတပ်တစ်ရပ် ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး နိုင်ငံတဝန်းရှိ နွေဦးတော်လှန်ရေးတပ် ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု- SRA ကို ဖွဲ့စည်းခဲ့ကြောင်း မနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလထဲမှာ တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့နဲ့ စတင်ဆောင်ရွက်နိုင်ခဲ့ပြီး နိုဝင်ဘာပထမအပတ်မှာ တပ်ဖွဲ့ ၁၄ ဖွဲ့နဲ့ တွေ့ဆုံမှုပြုလုပ်နိုင်ခဲ့ပြီး ထပ်မံဖိတ်ကြားသင့်တဲ့ အဖွဲ့ကို ဖိတ်ခေါ်ပြီး တပ်ပေါင်းစုဖြစ်လာရေးကို နိုဝင်ဘာ ၂၁ ရက်ကစပြီး ၃ ရက်တာကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
အဲညီလာခံမှာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု- SRA ကို အဖွဲ့ဝင် ၁၉ နဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး တပ်ပေါင်းစုထဲမှာ မပါနိုင်သေးတဲ့ တခြားနွေဦးတော်လှန်ရေးတပ်တွေကိုလည် ထပ်မံဖိတ်ခေါ်သွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
တပ်ပေါင်းစုအနေနဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ခိုင်မာကျယ်ပြန့်တဲ့ မဟာမိတ်တပ်ပေါင်းစုအသွင်ရပ်တည်ဖို့ ထိရောက်အားကောင်းတဲ့ ကွပ်ကဲမှုယန္တရားတစ်ရပ် ပေါ်ပေါက်လာဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို နိုင်ငံတဝန်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ- NUG လက်အောက်ခံမဟုတ်တဲ့ အဓိကဖွဲ့စည်းပြီး တော်လှန်ရေးအတွက်အရေးကြီးတဲ့ အရွှေ့တစ်ခုဖြစ်တယ်လို့ SRA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ရွှေဖီမြေကို ပြောပါတယ်။
“ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းနိုင်မှုဟာ တော်လှန်ရေးအတွက် အင်မတန်အရေးကြီးတဲ့ အရွေ့ တစ်ခုဖြစ်တယ်။ တပ်ပေါင်းစုအသွင်နဲ့ ကြီးမားကျယ်ပြန့်တဲ့ မဟာဗျူဟာကျတဲ့ လုပ်ငန်းစဥ်ကို ဆောင်ရွက်နိုင်မှာဖြစ်တယ်”
တပ်ပေါင်းစုမှာ အဖွဲ့ဝင် ၁၉ ဖွဲ့မှာပါတဲ့ တပ်ဖွဲ့ဝင်တွေအချိုးကျပါဝင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး အဖွဲ့ရဲ့ စီမံချက်တွေ၊ စစ်ဆင်ရေးတွေကို ကွပ်ကဲသွားမှာဖြစ်တယ်လို့ ကိုမင်းဟန်ထက်က ဆက်ပြောပြပါတယ်။
SRA ဖွဲ့ည်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပြီး တပ်ပေါင်းစုဖွဲ့စည်းနိုင်မှုကို NUG က ကြိုဆိုထောက်ခံတဲ့ သဘောထားရှိတယ်လို့ဆိုပါတယ်။
SRA မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ချင်းညီနောင်(CB)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ 96 Soldiers PDF၊ ဗမာ့တပ်မတော် (BA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF) တို့ပါဝင်ပါတယ်။
ဒါ့အပြင် Force For Federal Democracy(FFD)၊ Generation Z Army (GZA)၊ ကလေးဒေသတော်လှန်ရေးတပ်(KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် -ခမ်းကောင် (PNDF-KK)/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါင် (PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)၊ ၊ ယောတပ်တော်(YA) နဲ့ ယောကာကွယ်ရေးတပ်(YDF)တပ်လည်း ပါဝင်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။