ယာရူစိင်၊ ဩဂုတ် ၈ ရက်၊ သီပေါ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ် ပန်ဆောက်ရွာမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေသခံတွေ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကစပြီး ရေကြီးမှု ဖြစ်ပွားပြီး မနေ့ ဩဂုတ် ၇ ရက်မှာတော့ ဒုဌဝတီမြစ်ရေ တက်လာတာကြောင့် မြစ်ကမ်းဘေး နေထိုင်ကြတဲ့ ဒေသခံတချို့ ပြောင်းရွှေ့နေထိုင်ကြရတာ ဖြစ်ပါတယ်။
“မြစ်ရေက တက်လို့ ရေကြီးတာပါ။ အဲဒီကမ်းဘေးက ဒေသခံတွေတော့ ပြောင်းရွှေ့နေထိုင်ကြတာ ရှိတယ်။ ဒီနေ့တော့ မိုးမရွာတော့ဘူး။ ဒုဌဝတီမြစ်ကတော့ ဒီနေ့ နည်းနည်းကျသွားတယ်။ ပြန်တက်လာမှာတော့ စိုးရိမ်ရတယ်။ မြစ်ကမ်းက ဒေသခံတွေလည်း အားလုံးသတိနဲ့ နေကြဖို့တော့ လိုပါတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျောက်မဲမြို့နဲ့ မြို့အနီးရှိ ကျေးရွာတွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး ရေထဲ မျောပါသေဆုံးတဲ့ အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိခဲ့ပါတယ်။
ကရင်ပြည်နယ် သံတောင်ကြီးမြို့မှာလည်း ဒီရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၁၂ ဦးအထိ ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။