ရွှေဖီမြေ၊ ဇူလိုင် ၂၈ ရက်
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးသွားတဲ့ လမ်းတံတားတွေကို ပြန်လည်ပြုပြင်ဖို့ တအာင်းတပ်မတော် – PSLF-TNLA ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတချို့ ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ပင်ထားမယ်လို့ PSLF/TNLA ရဲ့ မိုးကုတ်ခရိုင်အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
ခေတ္တပိတ်ပင်ထားမည့် လမ်းပိုင်းတွေမှာ မိုးကုတ်-ကျောက်မဲ၊ မိုးကုတ်-မိုးမိတ်၊ မိုးကုတ်-စဉ့်ကူး၊ မိုးကုတ်-သပိတ်ကျင်း၊ ပြင်ဦးလွင်-အုမ္မတီး-အုမ္မခါး-မိုင်းလုံနဲ့ တကောင်း-တွင်းငယ်-မိုးမိတ် စတဲ့ လမ်းပိုင်းတွေ ဖြစ်ပါတယ်။
ဒီလမ်းပိုင်းတွေကို မနက်ဖြန် ဇူလိုင် ၂၉ ရက်ကနေ သြဂုတ် ၅ ရက်အထိ ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ပင်မှာဖြစ်ပြီး၊ သြဂုတ် ၆ ရက်ကစပြီး အိမ်စီးကားတွေကို ဖြတ်သန်းသွားလာခွင့် ပြုမယ်လို့ ဆိုပါတယ်။
ကုန်တင်ယာဉ်နဲ့ ကားကြီးတွေကိုတော့ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်တဲ့နေ့ကစပြီး နောက်ကြေညာချက် မထွက်မချင်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ-မိုင်းလုံ-မိုးကုတ် လမ်းပိုင်းဟာ ဆိုးရွားစွာ ပျက်စီးနေပြီး၊ နေ့စဉ်လိုလို ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။