ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူး ဒေသဘက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ တချို့ ထွက်ပြေးကုန်သလို တချို့ကတော့ သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ခေါင်လန်ဖူး တရုတ် နယ်စပ် လမ်းဘက်မှာလည်း နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ နေရာတော့ တော်တော် သိမ်းပိုက် ရရှိလာပြီ။ အခု နယ်စပ် လမ်းမကြီး နှစ်ခု သိမ်းဖို့ လိုသေးတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသား တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လာဟီဆင်ဘက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်စိပ် အလိုက် အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းကတော့ မဟုတ်မှန်ဘူးလို့ သူက ပြောပါတယ်။
“ပြည်သူ့စစ်တွေ ထွက်ပြေးသွားတာလို့ပြောတယ်။ အဆုံးစီရင် သွားကြတာတော့ မဟုတ်ဘူး။” လို့ သူက ရှင်းပြပါတယ်။
နောက်ထပ်ဒေသခံ ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးကလည်း “တိုက်ပွဲမှာ စစ်ကောင်စီဘက်က အလောင်းတွေလည်း အတော်များသွားတယ်။ စစ်သုံ့ပန်းလည်း အတော်ဖမ်းဆီးရမိထားတယ်” လို့ ပြောပါတယ်။
ပူတာအိုခရိုင်၊ ဆော့လော် နဲ့ ခေါင်လန်ဖူးမြို့နယ် အစပ်ဘက်မှာတော့ ပြီးခဲ့တဲ့ သုံးလကျော်ခန့် ကတည်းက စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
လာဟီဆင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလက KIA, PDF, KPF ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။