အိုက်ပွီး၊ နိုဝင်ဘာ ၂၈ ရက်၊ တီးတိန်
ချင်းပြည်နယ် တီးတိန်မြို့အဝင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိတယ်လို့ ဒေသခံ ကာကွယ်ရေးတပ် PDF-Zoland က ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တီးတိန်မြို့အဝင်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို PDF Zoland ပါဝင်တဲ့ ချင်းညီနောင် (CB) အဖွဲ့က မနေ့ နိုဝင်ဘာလ ၂၇ ရက် မနက် ၈ နာရီခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“မနက်ပိုင်းမှာ တိုက်ပွဲစဖြစ်တယ်။ ညနေပိုင်းထိ သေနတ်သံတွေက ကြားနေရသေးတယ်။ တီးတိန်မြို့ (၂၆၉) တပ်ကုန်းကလည်း လက်နက်ကြီးတွေ ပစ်ကူပေးတယ်။ မနေ့က မြို့အဝင်အထွက်ကိုလည်း စစ်သားတွေက ပိတ်ထားပါတယ်” လို့ တီးတိန်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၈ ရက် မနက်မှာတော့ တီးတိန်မြို့မှာ ဘာပစ်ခတ်သံမှ မရှိတော့ဘဲ မြို့ထဲမှာလည်း ပုံမှန်သွားလာနေကြပြီဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေ့မနက်တော့ မြို့ထဲမှာ လူတွေ ပုံမှန်အတိုင်း စျေးသွား၊ အလုပ်သွား သွားလာနေကြပါတယ်။ ကလေးတွေလည်း ပုံမှန်အတိုင်း ကျောင်းတက်ကြတယ်။ ဘာပစ်ခတ်မှုမှ မရှိတော့ဘူး” လို့ နောက်ထပ် တီးတိန်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီက တီးတိန်မြို့ရဲ့ အဝင်အထွက်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး မြို့အဝင်ဂိတ်ကို ချင်းညီနောင်(CB) အဖွဲ့က ပြန်လည်သိမ်းယူခဲ့တယ်လို့ PDF-Zoland ရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မနေ့မနက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့ ချင်းညီနောင် (CB) က အထိအခိုက်တစုံတရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။