မိုင်းရူပ၊ စက်တင်ဘာ ၁၈ ရက်၊ ကန့်ဘလူ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဇီးကုန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မနေ့ စက်တင်ဘာလ ၁၇ ရက် နေ့လည် ၃ နာရီမှာ တိုက်ခိုက်ခဲ့ပြီး အရာရှိရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ မိသားစုဝင် ၄ ဦးနဲ့ ရဲစခန်းအတွင်းရှိ အကျဉ်းသား ၃ ဦး ဖမ်းဆီးရမိခဲ့ကာ တော်လှန်ရေးဘက်က ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ရဲစခန်းကို တိုက်ခိုက်နေချိန် စစ်ခွေးတွေဘက်က စစ်ကူပေးနိုင်တာမျိုးတောင် မရှိဘူးဗျ” လို့ ကန့်ဘလူမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖစစ်ကြောင်းနဲ့ ဓူဝံပကဖ အပါအဝင် နယ်မြေခံ တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းရဲစခန်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။