မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ စဥ့်ကူး
တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၈ ရက် ည ၁၀ နာရီ ၄၀ မိနစ်မှာ လက်ပန်လှရွာ ပြည်စိုးအောင်ရပ်ကွက်ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၄၃ နှစ်အရွယ် မစန်းစန်းမွန်ဆိုသူ သေဆုံးခဲ့ပြီး ၅၃ နှစ်အရွယ် ဦးခင်မောင်မြင့်နဲ့ ၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
“ပေါင် ၅၀၀ နဲ့ လာကြဲတာ။ တစ်ဦးသေ ၂ ဦး ဒဏ်ရာရတယ်။ အခု လာကြဲတဲ့နေရာက ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာပါ” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စဥ့်ကူးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ မန္တလေး PDF နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တပ်က စဥ့်ကူးမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်တာ ရှိပြီးတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ မကြာခဏ သေဆုံးတာလည်း ဆက်ရှိနေပါတယ်။