အင်းငယ်၊ ဇန်နဝါရီ ၁၃ ရက်
မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူကုန်ကူးခံရတဲ့ အမျိုးသမီး အရေအတွက် ၃ ဆခန့်် များလာတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။
ရောင်းချခံရတဲ့ အမျိုးသမီးတွေဟာ တရုတ်ယွမ် ၁ သောင်းမှ ၅ သောင်းအထိ ရောင်းစားခံရပြီး တရုတ်ဇနီးမယားအဖြစ် ဖိအားပေး လက်ထပ်ခိုင်းတာ၊ ရှမ်းမြောက်က ငွေလိမ်ဂိုဏ်းတွေဆီ ပို့ဆောင်တာတွေ ပြုလုပ်နေတာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ဘက်က နယ်စပ်ဂိတ် ပိတ်တာ၊ နှစ်ဖက်လက်နက်ကိုင် တိုက်ပွဲတွေကြား ဒေသတွင်း တည်ငြိမ်အေးချမ်းမှု မရှိတာ၊ အမျိုးသမီး အဖွဲ့အစည်းတွေ ပေါ်တင် လှုပ်ရှားလို့ မရတော့တာကြောင့် ကူညီဆောင်ရွက်ရာမှာ ခက်ခဲလာတယ်လို့ ထိုင်းနိုင်ငံရောက် ကချင်အမျိုးသမီးများအဖွဲ့- KWAT ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆိုင်ထွယ်က ပြောပါတယ်။
“ကျမတို့ KWAT အနေနဲ့လည်း Challenge (စိန်ခေါ်မှု)တွေ အများကြီး ရှိပါတယ်။ ရောင်းစားခံရတဲ့ အမျိုးသမီးတွေကို ကူညီရတဲ့အခါမှာ KWAT ရဲ့ လုပ်နိုင်စွမ်းရည်ကလည်း နိုင်ငံရေး အခက်အခဲကြားမှာ လွတ်လွတ်လပ်လပ် ကူညီပံ့ပိုးပေးဖို့ အများကြီး အခက်အခဲ ဖြစ်လာတယ်။ ကျမတို့ရဲ့ ရှိနေတဲ့ လုပ်သားတွေရဲ့ လုံခြုံရေးအရလည်း အခက်အခဲ ရှိနေတဲ့ကြားထဲမှာ ပြန်လည် ထူထောင်ရေးကို အရင်ကလိုမျိုး ထိထိရောက်ရောက် လုပ်တဲ့အပိုင်းမှာတော့ အားနည်းတာတွေ ရှိတယ်”
စစ်အာဏာသိမ်းတဲ့ ၄ နှစ်တာကာလမှာ အသက် ၁၈ ကနေ ၂၅ နှစ်အတွင်းရှိ ကချင်အမျိုးသမီးအများစုနဲ့ မြန်မာနိုင်ငံ အနှံ့အပြားက အမျိုးသမီးဟာ လူကုန်ကူးမှုခံနေရပြီး အသက် ၁၃ နှစ်အရွယ်ရှိသူတချို့ ပါဝင်တယ်လို့ KWAT ရဲ့ လေ့လာချက်အရ သိရပါတယ်။
ရောင်းချခံရတဲ့ အမျိုးသမီးတွေကို ဟဲနန် (Henan)နဲ့ စန်းတုန်း (Shandog)ပြည်နယ်ဘက် ခေါ်ဆောင်သွားပြီး ပိတ်လှောင်ရိုက်နှက်တာ၊ အဓမ္မ လိင် ဆက်ဆံတာ၊ ကလေး အဆက်မပြတ် မွေးခိုင်းတာတွေ စေခိုင်းနေတယ်လို့ လွတ်မြောက်လာသူတချို့က ပြောပါတယ်။
ဒါ့အပြင် လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို နှစ်ရှည်လများ ပိတ်လှောင်ကာ ညှင်းပန်းနှိပ်စက်မှုလည်း ကြုံနေရပြီး ကလေး ၂ ဦး အနည်းဆုံး မွေးပေးမှသာ ရဲစခန်းသို့ တိုင်ကြားခွင့် ရတယ်လို့ ဆိုပါတယ်။
KWAT အနေနဲ့ ရောင်းစားခံရတဲ့ အမျိုးသမီးတွေကို တရုတ်နိုင်ငံအထိ သွားရောက် မကူညီနိုင်ပေမဲ့ ထွက်ပြေးဖို့ လမ်းကြောင်း စီစဉ်ပေးတာ၊ Safe House စီစဉ်ပေးတာ၊ မိသားစုဝင်နဲ့ ပြန်လည် ဆုံတွေ့ပေးတာတွေ ကူညီပေးနေတယ်လို့ ဆိုင်ထွယ်က ဆက်လက် ရှင်းပြပါတယ်။
“ကျမတို့က အခြေနေအရ တရုတ်ပြည်အထိ သွားပြီးတော့ ကူညီတာမျိုးတွေ မလုပ်နိုင်ဘူးပေါ့နော်။ ဒါပေမဲ့ သက်ဆိုင်ရာ Local authority (ဒေသအာဏာပိုင်)တွေနဲ့ ပေါင်းလုပ်တာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အများကြီးတော့ မလုပ်နိုင်ဘူးပေါ့။ အဟန့်အတားတွေ အများကြီး ရှိတယ်။ ကျမတို့ သိတဲ့အတိုင်း တရုတ်ပြည်မှာက Community base organization (လူထုအခြေပြုအဖွဲ့အစည်း)တွေ လှုပ်ရှားဖို့အခွင့်အရေး ရှိတဲ့နေရာ မဟုတ်လို့လည်း ဟိုဘက်ခြမ်း ဒီဘက်ခြမ်း ကူညီဆောင်ရွက်ရတဲ့အခြေအနေမှာ အများကြီးတော့ အခက်အခဲ ရှိတယ်”
KWAT ရဲ့ လေ့လာချက်အရ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ရောင်းစားခံရပြီးနောက်ပိုင်း ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီးပေါင်း ၁၇၈ ဦးအထိရှိပြီး လက်ရှိ KIA ထိန်းချုပ်နယ်မြေက မိုင်ဂျာယန်မြို့ရှိ Safe House မှာ ခိုလှုံခွင့် ပေးထားတယ်လို့ သိရပါတယ်။
အမျိုးသမီးတွေအနေနဲ့ တရုတ်နိုင်ငံမှာ ေရာင်းစားခံရတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်း ပိုမိုဆိုးရွားလာတာကြောင့် ဖြစ်ပြီး တရုတ်အစိုးရအနေနဲ့ အမျိုးသမီးတွေကို ဇနီးမယားအဖြစ် အတင်းအဓမ္မ လူကုန်ကူးနေမှုအပေါ် ထိထိရောက်ရောက် တိုက်ဖျက်ဖို့၊ ဒေသခံလူထုနဲ့ တာဝန်ရှိသူတွေက မျက်ကွယ် ပြုနေတာကို ရပ်တန့်ဖို့အတွက် ထိရောက်တဲ့ လူထုအသိပညာပေးလှုပ်ရှားမှု ပြုလုပ်ဖို့ KWAT က တောင်းဆိုထားပါတယ်။