ရွှေဖီမြေ၊ နိုဝင်ဘာ ၂၀ ရက်၊ သိန္နီ
ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ ကျရောက်မယ့် ရှမ်းနှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ ကိုးကန့်တပ်မတော်–MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့မှာ ရှမ်းနှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကာ ကျင်းပခဲ့တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။
ရှမ်းနှစ်သစ်ကူးပွဲတော်ကို သိန္နီမြို့ပေါ်နဲ့ သိန္နီမြို့နယ် ဆယ်အူကျေးရွာမှာ ကျင်းပခဲ့ပြီး ဒေသခံ ရှမ်းတိုင်းရင်းသားတွေအပြင် အခြားတိုင်းရင်းသားတွေလည်း အများအပြား တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
၂၁၂၀ ပြည့်နှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ဟာ ဒေသခံတွေ ပျော်ရွှင်ဖို့နဲ့ အချင်းချင်းကြား စည်းလုံးမှုကို ပြသတဲ့ ပွဲဖြစ်တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တအာင်းတပ်မတော်–PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့အပါအဝင် ဒေသတချို့မှာလည်း ရှမ်းနှစ်သစ်ကူးပွဲကို ကျင်းပခဲ့တာ တွေ့ရပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ ရှမ်းနှစ်သစ်ကူးနေ့ကို PSLF/TNLA ဘက်က သဝဏ်လွှာ ပေးပို့ခဲ့တာ တွေ့ရပြီး ရှမ်းနဲ့ တအာင်းဟာ ညီအစ်ကိုရင်းပမာ နေထိုင်ခဲ့ကြပြီး အရင်က ရှိခဲ့တဲ့ သံသယ၊ သဘောထား ကွဲလွဲမှုတွေကို ဘေးဖယ်ပြီး မြန်နိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို စုပေါင်းအဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။
နတ်တော် လဆန်း ၁ ရက်ဟာ ရှမ်းလူမျိုးတွေအတွက် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ ရက်ဖြစ်ပြီး နိုင်ငံတဝန်းရှိ ရှမ်းလူမျိုးတွေ နေထိုင်ရာ ဒေသတွေမှာ ရှမ်းနှစ်သစ်ကူးပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။