ပို့လဘား၊ အောက်တိုဘာ ၂ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ စာသင်ကျောင်းကနေ ပြန်လာတဲ့ ကလေးငယ်တစ်ဦး လည်ပင်းမှာ ဓားဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကွတ်ခိုင်မြို့ ရပ်ကွက် ၈ မှာ နေထိုင်တဲ့ အသက် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ ဒီနေ့ အောက်တိုဘာ ၂ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်က ရပ်ကွက် ၈ မှာရှိတဲ့ မူလွန်ကျောင်းကနေ ပြန်လာချိန် လမ်းမှာ ဓားဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ဂေါက်ကွင်းနဲ့ ရပ်ကွက် ၈ ရဲ့ ကွက် ၁ မှာ ဖြစ်တာ။ အဲနားမှာ ဘိန်းစားတွေလည်းရှိတယ်။ တရုတ်ဘိုးတော်တစ်ယောက်က အဲကလေးကိုတွေ့ပြီး သူ့အဖေကို သွားပြောပြတာ။ သူပြောတာတော့ အဲနားမှာ လူနှစ်ယောက် ထွက်လာတာ တွေ့တယ်တဲ့။ သူ့လည်ပင်းက ဓားနဲ့ ဖြတ်ခံရပြီး ဒီအတိုင်း ပစ်ထားတယ်။ အရင်ရက်တွေဆို သူ့အဖေက ကျောင်းဆင်းခါနီးဆို အစောကြီး သူ့ကို လာကြိုပေးတယ်”
သတ်ဖြတ်သွားတဲ့ တရားခံကို လက်ရှိအချိန်ထိ ဖမ်းမိထားတာ မရှိသေးဘဲ တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
ကွတ်ခိုင်မြို့ကို တအာင်းတပ် ထိန်းချုပ်ပြီးတဲ့နောက် ကလေးငယ် သတ်ခံရတဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။