မိုင်းရူပ၊ သြဂုတ် ၈ ရက်၊ ဒီပဲယင်း
စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဒဏ်ကို ကာကွယ်ဖို့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂ ခုမှာ မြေအောက်စာသင်ကျောင်း ၄ ခုကို ဆောက်လုပ်လှူဒါန်းပေးခဲ့ကြောင်း S&C စစ်ဘေးမီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်က ရွှေဖီမြေကို ပြောပါတယ်။
စာသင်ကျောင်းတွေကို စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒီပဲယင်းနဲ့ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေမှာ ဆောက်လုပ်လှူဒါန်းပေးထားပြီး ကလေးငယ် ရာနဲ့ချီ စာသင်ကြားနေပြီလို့ ဆိုပါတယ်။
“အခုကျနော်တို့ အညာဒေသမှာ စာသင်ကျောင်းတွေ ဗုံးကြဲခံရတာပေါ့နော်။ ကျနော်တို့ လုံခြုံအောင်ဆိုပြီးတော့ မြေအောက်ကျောင်းတွေ ဆောက်လုပ်ရတာဖြစ်တယ်။ အခုကျနော်တို့ ဆောက်ပေးတာ ကျောင်းဆောင် ၄ ဆောင်ပေါ့နော်။ အခုကလေးတွေ လုံခြုံတဲ့ အနေအထားမှာ စာသင်နိုင်ပြီပေါ့” ဆိုပြီး S&C စစ်ဘေးမီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်က ရွှေဖီမြေကို ပြောပါတယ်။
စာသင်ကျောင်းဆောင် တစ်ဆောင်အတွက် ကုန်ကျစရိတ် သိန်း ၂၀၀ ဝန်းကျင်ရှိပြီး ဒီမြေအောက် စာသင်ကျောင်းတွေ လုပ်နိုင်ဖို့ ပြည်တွင်းပြည်ပက အလှူရှင်တွေ လှူဒါန်းထားတဲ့ငွေနဲ့ ဆောက်လုပ်ထားဖြစ်တယ်လို့ ကိုစိုမိုးအောင်က ဆက်ပြောပါတယ်။
ဒီလို မြေအောက်စာသင်ကျောင်းအပါအဝင် မြေအောက်ခန်းတွေကိုပါ ထပ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီး ပြည်တွင်းပြည်ပ အလှူရှင်အနေနဲ့ ပါဝင်လှူဒါန်းပေးကြဖို့ ကိုစိုးမိုးအောင်က တိုက်တွန်းထားပါတယ်။
စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ပညာရေးဌာနက စာသင်ကျောင်းတွေ ဖွင့်လှစ်ထားပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဒဏ်ကို မကြာခဏ ခံနေရတာပဲ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု ခံရတဲ့ စာသင်ကျောင်းပေါင်း ၁၇၄ ကျောင်း ရှိတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
NUG ဘက်ကလည်း တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေတွေမှာ မြေအောက် စာသင်ကျောင်းနဲ့ မြေအောက် ဆေးရုံဆေးခန်းတွေ ပြုလုပ်နိုင်ဖို့ ဘေးကင်းလုံခြုံတဲ့ ကျောင်း၊ ဘေးကင်းလုံခြုံတဲ့ ပညာရေး ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။