ပျားကြီး၊ ဇူလိုင် ၂၄၊ မန္တလေး
မန္တလေးမြို့ပေါ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ ရက် ညနေပိုင်းက ရွှေဆိုင်ဓားပြတိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတချို့ရှိပေမဲ့ ဓားပြတိုက်သူတွေထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို အတည်ပြုပြောဆိုပါတယ်။
မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်းနဲ့ ၈၅ လမ်းထောင့်က ရွှေနန်းသုခ(ဒုန်းဒုန်းလေး)ရွှေဆိုင်မှာ ညနေ ၄ နာရီဝန်းကျင်က ဓားပြတိုက်မှုဖြစ်ပွားခဲ့တာပါ။
“ဒီလောက်လူစည်နေတဲ့နေရာကြီးမှာ သေနတ်သံတွေတရစပ်ထွက်လာတော့ လန့်သွားတာ။ ပြီးမှဓားပြတိုက်တယ်ဆိုတာသိတာ။ ၅ မိနစ်လောက်အပြန်အလှန်ပစ်ကြတယ်။ ဒါပေမဲ့ ဓားပြတွေကတော့လွတ်သွားတယ်”လို့ ဓားပြတိုက်မှုဖြစ်ပွားရာနေရာအနီးဝန်းကျင်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
အမျိုးသမီးတစ်ဦးအပါအဝင် ဓားပြ ၆ ဦးထက်မနည်းဟာ ရွှေဆိုင်ထဲကိုသေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ဓားပြတိုက်ခဲ့တာကြောင့် အခင်းဖြစ်နေရာနဲ့ ကိုက် ၂၀၀ ဝန်းကျင်က မန်းမြို့ဈေးနားမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေရောက်လာပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။
အပြန်အလှန်ပစ်ခတ်မှုကြောင့် ဆိုင်ဝန်ထမ်း ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဓားပြတွေဟာ အဖြူရောင် Honda Fit မော်တော်ယာဥ်နဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မျက်မြင်တွေ့သူတွေကဆိုပါတယ်။
စစ်ကောင်စီတပ်တွေ အမြဲတမ်းရှိတဲ့ မန်းမြို့ဈေးအနီး၊ ၃၉ လမ်းပေါ်မှာ ဓားပြတိုက်မှုတွေမကြာခဏဖြစ်ပွားလေ့ရှိပြီး အရင်က ၃၉ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားမှာရှိတဲ့ ဆယ်သန်းရွှေဆိုင်မှာလည်း ဓားပြတိုက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ဖူးပါတယ်။
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှာ မန္ဆလေးမြို့ပေါ်မှာ ဓားပြတိုက်မှုပေါင်း ၂၀ ကျော်ရှိခဲ့ပြီး တရားခံဖမ်းဆီးရမိမှုကတော့ ၂၀ ရာခိုင်နှုန်းဝန်းကျင်ပဲရှိတာကို ရဲမှတ်တမ်းတွေအရသိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။