ရွှေဖီမြေ၊ မေလ ၉ ရက်
လွတ်လပ်တဲ့အာရှအသံ- RFA (Radio Free Asia) က မသေချာ မရေရာတော့တဲ့ ရန်ပုံငွေကြောင့် ဒီနေ့ မေလ ၉ ရက်မှစပြီး မြန်မာပိုင်းထုတ်လွှင့်မှုတွေကို လုံးဝရပ်နားတော့မယ်လို့ ဒီမနက်အစောပိုင်းမှာ RFA က ကြေညာလိုက်ပါတယ်။
RFA ဟာ ကမ္ဘာတစ်လွှား ရုပ်သံလွှင့်ပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ United States Agency for Global Media – USAGM ရဲ့ ကြီးကြပ်မှုအောက်က တင်ဆက်ပေးနေတဲ့ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရတက်လာပြီးနောက်ပိုင်း မတ်လ ၁၅ ရက်မှာ RFA အပါအဝင် VOA သတင်းဌာနတို့ရဲ့ မိခင်ဌာန ဖြစ်တဲ့ USAGM ရဲ့ လုပ်ငန်းနဲ့ ဝန်ထမ်းတွေကို အနည်းဆုံးထိလျှော့ဖို့ ဒေါ်နယ်ထရမ့်က မတ်လ ၁၇ ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်ကို အမေရိကန်အခြေစိုက် နိုင်ငံတကာသတင်းဌာနဖြစ်တဲ့ VOA က ပြန်ကိုးကားဖော်ပြခဲ့ပြီး VOA က မတ်လ ၁၇ မှစပြီး သတင်းထုတ်လွင့်တင်ဆက်တွေမှုကို လုံးဝရပ်နားခဲ့ရပေမဲ့ RFA က တစ်လအကျော် မနေ့အထိ မြန်မာပိုင်းထုတ်လွှင့်မှုတွေကို တင်ဆက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
RFA က မြန်မာနိုင်ငံပြည်သူလူထုများရဲ့အသံနဲ့ ဒေသတွင်းအချက်အလက်တွေကို မျှတမှန်ကန်စွာ တင်ဆက်ပေးနေတဲ့ သတင်းဌာနတစ်ခုဖြစ်သလို မြန်မာပြည်သူလူထုတွေ မှီခိုအားပြုနေရတဲ့ သတင်းဌာနတစ်ခုဖြစ်ပါတယ်။