မိုင်းရူပ၊ ဇူလိုင် ၁၆ ရက်၊ သပိတ်ကျင်း
စစ်ကောင်စီတပ်ထံ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၄ မိုင်ရွာကို တော်လှန်ရေးတပ်တွေဘက်က ပြန်လည်ထိုးစင်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့က မနက်မှာ ကျွန်တော်တို့ဘက်က ၄ မိုင်ဘက်မှာ ထိုးတာရှိတယ်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ဆက်တိုက်ပစ်နေတယ်။ ၄ မိုင်ကို ပြန်ထိန်းချုပ်နိုင်တာ မရှိသေးဘူး။ စစ်ကောင်စီတပ်တွေ ရှိသေးတယ်” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ ဇူလိုင်လ ၁၅ ရက် ညနေ ၆ နာရီခွဲမှာ သပိတ်ကျင်းမြို့နယ် ရွှေမွှေးချောင်းကျေးရွာနဲ့ ၄ မိုင်ဘက်ကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
၄ မိုင်ရွာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်မှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်ထံ လက်လွှတ်ထားရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် သပိတ်ကျင်းမြို့နယ်ထဲက ၆ မိုင်၊ ၅ မိုင်နဲ့ ၄ မိုင်စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်ထံ တော်လှန်ရေးတပ်တွေက ပြန်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ထဲက ၎င်းတို့လက်လွှတ်ထားရတဲ့ နေရာတွေကို နေ့စဥ်လိုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး အရပ်သား သေဆုံးမှုတွေလည်း ဆက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ပိုးဇာနဲ့ ဖော့တောကျေးရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် ၆ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် TNLA၊ မန္တလေး PDF နဲ့ မိုးကုတ်ဗျူဟာ စတဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့ကိုတော့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လထဲမှာ တိုက်ခိုက်သိမ်းနိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်းအမှတ် (၁၃)၊ ၇ မိုင်နဲ့ ကျောက်ကြီးရွာ တပ်စခန်းတို့ကိုတော့ သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။