ရွှေဖီမြေ၊ စက်တင်ဘာ ၁၃ ရက်၊ ကနီ
စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာမှာ အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လို့ ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ စက်တင်ဘာလ ၁၂ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီရဲ့ တပ်မ (၃၃) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ – ၁၆) မှ ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကြောင်းကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ဘန့်ဘွေးပျူစောထီးရွာကို ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဆုတ်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားရဲ့ အလောင်း ၃ လောင်း၊ စစ်သုံ့ပန်း ၄ ဦး၊ MA-1 (၄) လက်၊ MA-3 (၁) လက်၊ MG-3 (၁) လက်၊ MAS စနိုက်ပါ (၁) လက်၊ ဂျမ်ပါ (၁) လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။