ပျားကြီး၊ ဇူလိုင် ၃၁၊ စလင်း
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ကျေးရွာက စစ်ကောင်စီလက်အောက်ခံရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ ဇူလိုင် ၃၀ ရက် မနက်အစောပိုင်းကဒေသခံ ပ.က.ဖ တွေ ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေက တညောင်ရဲစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲ ၈ ဦးသေဆုံးပြီး ၂ ဦးကိုအရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။
“ပျောက်ကြားစနစ်နဲ့ အလစ်ဝင်တိုက်တာ။ ၂ ကောင်ကတော့ လက်နက်ချတယ်။ ကျန်တဲ့ကောင်တွေနဲ့ မိသားစုတွေကစစ်တပ်ရှိတဲ့ လျှပ်စစ်ဝန်းထဲဝင်ပြေးသွားတာ။ ရဲစခန်းကို မီးရှို့ခဲ့လိုက်တယ်”လို့ရွှေဖီမြေရဲ့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရဲစခန်းသိမ်းပိုက်မှုအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေကိုင်ဆောင်တဲ့ G3 ၅ လက်၊ MA 13 တစ်လက်နဲ့ ကျည်တွေသိမ်းယူရရှိခဲ့ပြီး ရဲစခန်းတခုလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စလင်း ပ.က.ဖ ကထုတ်ပြန်ခဲ့ပါတယ်။
တညောင်ကျေးရွာဟာ စလင်း – ဆိပ်ဖြူလမ်းပေါ်မှာရှိပြီး စစ်ကောင်စီရဲ့ အဓိကလက်နက်ထုတ်လုပ်ရေးစက်ရုံတွေကို အဓိကလျှပ်စစ်ဓာတ်အားထောက်ပံ့ပေးနေတဲ့ လျှပ်စစ်ဓာတ်အားပေးခွဲရုံရှိပြီး အိမ်ခြေပေါင်း ၁၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။
ရဲစခန်းသိမ်းပိုက်မှုကြောင့် စစ်ကောင်စီတပ်တွေဟာ မနက် ၈ နာရီဝန်းကျင်ကစပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အင်အား ၂၀၀ ကျော်ပါတဲ့မြေပြင်စစ်ကြောင်းထိုးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အခုလို စစ်ကြောင်းထိုးမှုတွေကြောင့် တညောင်ကျေးရွာအပြင် အနီးအနားမှာရှိတဲ့ မန်ကျီးစင်၊ ကံဆွယ်၊ လေသာကုန်းစတဲ့ကျေးရွာတွေကဒေသခံ ၈၀၀၀ ကျော်ဟာဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။