မြတ်နိုး၊ စက်တင်ဘာ ၂၁ ရက်၊ ဗန်းမောက်
စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်အစပ် ကသာခရိုင်၊ ဗန်းမောက်မြို့ကို မနေ့ စက်တင်ဘာလ ၂၀ ရက် ညပိုင်းက တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ဗန်းမောက်က ရပြီတဲ့ မနေ့ညက။ ည ၁၀ နာရီကျော်ထိတောင် ရှင်းလင်းရေး လုပ်နေကြတုန်းလို့ ပြောတယ်။ စစ်ကိုင်းအစပ်” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ဗန်းမောက်က ကာကင်း ၇ ခု၊ ပင်မစခန်း ၂ ခု အပါအဝင် ဗန်းမောက်မြို့ကို PDF စစ်ဒေသ ၁ ကွပ်ကဲမှုနဲ့ စက်တင်ဘာလ ၂၀ ရက်ညက အပြီးသိမ်းပိုက်လိုက်နိုင်တာဖြစ်ပြီး ဗန်းမောက်မှာတော့ SNA တပ်မဟာ – ၆၁၄၊ ၉၇၂ နဲ့ တပ်မ – ၇၇ နည်းဗျူဟာက အင်အား ၁ ထောင်ခန့်ရှိတယ်လို့ ဆိုပါတယ်။
“ဗန်းမောက်ကို တန်ပြန် စစ်ကြောင်းထိုးဖို့ အဲဒီဒေသက ပြည်သူ့စစ်တွေ ခလရ ၁၅ မှာ စုနေကြတယ်လို့ သိရတယ်” လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့နဲ့ အနီးတဝိုက်ကို အခုလ စက်တင်ဘာလ ၁၅ ရက်နေ့က တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ထိုးစစ် စဆင်တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာပဲ ဗန်းမောက်မြို့အနီးက ကာကင်း ၆ ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဗန်းမောက်မြို့ကို PDF တွေ သိမ်းလိုက်ပေမယ့် စစ်ကောင်စီနဲ့ SNA ဆီက ဘာလက်နက်ခဲယမ်းမှ မရလိုက်ကြောင်း၊ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ် SNA ဘက်က အောင်မြင်စွာ ဆုတ်ခွာနိုင်ကြောင်း စစ်ကောင်စီထောက်ခံသူတွေက ဝါဒဖြန့်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။