ရွှေဖီမြေ၊ ဩဂုတ် ၂ ရက်၊ ပဲခူး
ပဲခူးတိုင်း တောင်ငူခရိုင် ပဲခူးရိုးမအတွင်းရှိ ဆွာဆည် ရှင်းလင်းဆောင်မှာ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်၂ စစ်ဆင်ရေးနယ်မြေက ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပဲခူးရိုးမအတွင်းရှိ ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁)၊ အမှတ်(၃၅၀၁)တပ်ရင်း နဲ့မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့- PIO/PIA တပ်ဖွဲ့၊ အရှ်ိုချင်းကာကွယ်ရေးတပ် -ACDFတို့က ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်မှာ ပူပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး လက်နက်ငယ် ၆ လက်၊ လက်နက်ငယ်ကျည်၊ စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ အထိုင်ချတပ်စွဲထားတဲ့နေရာတွေကို ရှင်းလင်းဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်ကလည်း ကျောက်ကြီးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် အမှတ်၂ စစ်ဆင်ရေးနယ်မြေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAတို့က စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုကိုလည်း ပူပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။