ယာရူစိင်း၊ ဇန်နဝါရီ ၁၇ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့မှာရှိတဲ့ Tangyan Bar က ဘေးပတ်ဝန်းကျင်အတွက် အနှောင့်အယှက် ဖြစ်စေတာကြောင့် ဘားကို အသံလုံအခန်းအဖြစ် ပြင်ဆင်နေကြောင်း ဘား တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

Tangyan Bar ဟာ ရပ်ကွက် ၅ တန့်ယန်း-မိုင်းရှူးလမ်းမကြီးဘေးမှာရှိတဲ့ တောင်ကုန်းမှာ ဖွင့်လှစ်ထားပြီး အသံကျယ်လောင်စွာ ဖွင့်လှစ်မှုကြောင့် ပတ်ဝန်းကျင်မှာ နေထိုင်သူတွေအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရပ်ကွက် ထွေအုပ် စည်ပင် မီးသတ် အကုန်လုံးက ပွဲမိန့်ပေးမှ လုပ်လို့ရတာပါ။ ဒါကို သူတို့က လုပ်ဖို့ ခွင့်ပြုထားတော့ ရပ်ကွက်ထဲက လူတွေလည်း ဘာမှမတတ်နိုင်ဘဲ ဒုက္ခခံနေရပါတယ်။ အခုလို ပြောတာက သူတို့ စီးပွားရေးလည်း တိုက်ခိုက်လိုစိတ် မရှိပါဘူးဗျာ။ အသံလုံခန်းလေးနဲ့ လုပ်ဖို့ တန့်ယန်းမှာရှိတဲ့ ဌာနဆိုင်ရာလူကြီး အဖွဲ့အစည်းများက ပြောပေးကြပါအုံးဗျာ။ ဒီအတိုင်း ဆက်သွားနေရင် လူထုတွေအတွက် အဆင်မပြေပါဘူး”

ဒေသခံ အယောက် ၅၀ နီးပါးဟာ လက်မှတ် ထိုးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ကန့်ကွက်ကြောင်းစာ တင်ခဲ့ပေမဲ့ တစ်စုံတစ်ရာ တုန့်ပြန်တာ မရှိသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

“အနီးအနားက ရပ်ကွက်ထဲက လူတွေဆို လုံးဝ နေလို့မရအောင် ဖွင့်ပါတယ်။ သက်ကြီးရွယ်အိုတွေဆိုရင် သူတို့ မပိတ်မချင်း အိပ်လို့မရသလို ရင်တွေတုန်ပြီး ကျန်းမာရေး ထိခိုက်လာပါတယ်။ ဒါကို ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း သိသလို တန့်ယန်းမှာ ရှိသမျှ ဌာနဆိုင်ရာတွေ အကုန်သိပါတယ်။ တစ်မြို့လုံး ကြားတာကို သူတို့လည်း သိသိရက်နဲ့ ခွင့်ပြုထားပါတယ်။ အသံက အနီးအနားက အိမ်တွေမပြောနဲ့ ၃ မိုင်လောက်ဝေးတဲ့ ရပ်ကွက်တွေကတောင် အသံက အတိုင်းသား ကြားရပါတယ်”

နောက်ထပ် ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “တချို့ Bar တွေ အသံမထွက်အောင် လုပ်ကြတယ်။ သူတို့ကျမှ တစ်မြို့လုံးအတွက် အနှောင့်အယှက် ဖြစ်စေတယ်။ အခုဆိုရင် မြို့ကလူတွေက သူတို့ကို ပိတ်စေချင်နေကြတယ်လေ။ နေ့တိုင်း ညတိုင်းလေ။ အသံ လုံရင်တော့ တစ်မျိုးပေါ့။ ကျမတို့အတွက်ကော လူ‌ထုတွေအတွက်ကော အဆင်မပြေပါဘူး” လို့ ပြောပါတယ်။

အဆိုတော်တွေကို ပွဲသွင်းတဲ့နေ့‌မှာတော့ ဘားကဖွင့်တဲ့ အသံဟာ ကျယ်လောင်ပေမဲ့ ကျန်တဲ့နေ့တွေမှာတော့ အသံကျယ်လောင်စွာ ဖွင့်တာ မရှိဘူးလို့ Tangyan Bar မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက်ကို ယူပြီးတော့မှ ကျနော်တို့က ပွဲကို ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဖွင့်မယ်ဆိုတာပေါ့။ ပွဲရှိတဲ့ အချိန်မှာတော့ အသံ နည်းနည်းကျယ်မိတယ်ပေါ့နော်။ ကျန်တဲ့နေ့တွေမှာတော့ ကျနော်တို့ အသံမထွက်ဘူးပေါ့။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့မှာ ဆိုင်ဖွင့်ပွဲကို လုပ်တာပေါ့။ ၁၃ ရက်နေ့နောက်ပိုင်းမှာတော့ အသံအကျယ်ကြီးဖွင့်တာ မရှိတော့ပါဘူး။ ကျန်တဲ့နေ့တွေတော့ အသံပိုင်းဆိုင်ရာ စမ်းသပ်တာ ဖြစ်တဲ့အတွက် Bar ကဖွင့်တဲ့အသံ‌တော့ ထွက်တယ်ပေါ့။ အဲအတွက်လည်း ကျ‌နော်တို့အမှား မကင်းဘူးပေါ့။ အဲဒီအတွက်လည်း ကျ‌နော်တို့ တာဝန်ခံပါတယ်”

လူထုတွေရဲ့ အဆင်မပြေတဲ့အသံ ကြားနေရတဲ့အတွက် အသံလုံခန်းအဖြစ် ပြင်ဆင်ဖို့ အကောင်အထည်ဖော် ပြင်ဆင်‌နေ‌ကြောင်းနဲ့ မြို့မှာ နေထိုင်တဲ့ လူထုတွေအတွက် အနှောင့်အယှက် ဖြစ်‌စေခဲ့တာကြောင့် ဘားရဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ အနူးအညွတ် တောင်းပန်တယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။