ရွှေဖီမြေ၊ နိုဝင်ဘာ ၆ ရက်၊ မိုးကုတ်
စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဒီနေ့ နိုဝင်ဘာ ၆ ရက် ည ၈ နာရီခန့်ကစပြီး မြို့လုံးကျွတ် သံပုံးတီးပြီး အော်ဟစ်ဆန္ဒပြနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
အခုလို မြို့လုံးကျွတ် စစ်အဏာရှင် အလိုမရှိကြောင်း အော်ဟစ်ပြီး ဆန္ဒပြတာဟာ မိုးကုတ်မြို့ထဲ ဝင်ရောက်လာမယ့် စစ်ကောင်စီတပ်ကို ရည်ညွှန်းတာလို့ ဆိုပါတယ်။
“တစ်မြို့လုံး ဆူညံနေတာပဲ ကြားနေရတာ။ ရှိရှိသမျှလူ တီးနေကြတာ။ သံပုံးတွေရော သံချောင်းတွေရော တီးနေကြတာ။ တီးပြီးတော့ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အော်ဟစ်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။
မိုးကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်က တရုတ်ရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်ပြီး မိုးကုတ်နဲ့မိုးမိတ်မြို့ကနေ ပြန်လည် ဆုတ်ခွာရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် ဝင်လာရင် ခုခံကာကွယ်သွားမယ်လို့ မိုးကုတ်မြို့နယ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားကြပြီး အခုတော့ မြို့ခံတွေ ထပ်မံ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
မိုးကုတ်မြို့ထဲကနေ လာမယ့် နိုဝင်ဘာ ၂၅ ရက် မတိုင်ခင် တအာင်းတပ်က ဆုတ်ခွာရမှာဖြစ်ပြိး စစ်တပ်က ဘယ်ကနေ ဘယ်လို ဝင်မလဲဆိုတာ မသိရသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။