ယာရူစိင်၊ ဒီဇင်ဘာ ၁၄ ရက်၊ သီပေါ
စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ အပြန်အလှန်ပိတ်ဆို့ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါတံတားကို ၁ လကြာတဲ့အထိ ပိတ်ထားနေဆဲဖြစ်ကြောင်း သီပေါမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အရင်ကတော့ လူနာသယ်ခွင့်တော့ ပြုတယ်။ ဒီလတ်တလော သယ်ခွင့်မပြုတော့တာပါ။ ကျောင်းသွားတဲ့ကလေးတွေကို အကြိုအပို့လုပ်တဲ့သူတွေတောင် တံတားပေါ်ဖြတ်လို့မရဘူး။ ကျောင်းတက်တဲ့ ကလေးပဲ ဖြတ်လို့ရတာ”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် မနက် ၆ နာရီမှာ သီပေါအဝင်အထွက်တံတားကို နှစ်ဖက်တပ်က အပြန်အလှန် ပိတ်ထားခဲ့ရာ ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်အထိလည်း ပြန်ဖွင့်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
နောက်ထက် သီပေါမြို့ခံ တစ်ဦးက”တိမ်တောင်ဘက်ခြမ်းကနေ စျေးထဲသွားဖို့ဆိုရင် သီပေါမြို့ဟောင်းဘက်မှာ ကမ်းကူးရတယ်။ အဲကမ်းကူးတဲ့နားလေးမှာက ကိုးကန့်ဘက်က စောင့်တာ။ ကားတွေတော့ ကူးခ ဘယ်လောက်ပေးရလဲဆိုတာတော့ မသိဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် သီပေါတံတား ပိတ်ထားတာကြောင့် ဒေသခံတွေက တာလုံရွာက ချောင်းကိုပဲ အသုံးပြုကြရပြီး ဆိုင်ကယ်၊ ကားတွေကိုတော့ အမျိုးအစားပေါ် မူတည်ပြီး ရှမ်းတပ် SSPP က ငွေကြေးကောက်ခံကာ ကမ်းကူးပေးတာဖြစ်ပါတယ်။
နောင်ချို- ကျောက်ဂူလမ်းကိုလည်း စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ရာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်မှာတော့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။