မိုင်းအရှိုင်း၊ စက်တင်ဘာ ၁၀ ရက်၊ သိန္နီ
ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်ဆိုင်ရာ ဌာနတချို့မှာ စစ်ကောင်စီရဲ့ ဝန်းထမ်းတွေ ပြန်လည်ဝင်ရောက် နေထိုင်သွားမယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သိန္နီမြို့ထဲကို စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ဝင်ရောက်လာမယ်လို့ သတင်းထွက်နေတာဖြစ်ပါတယ်။
“အစက ၁ ရက်နေ့ ကိုးကန့်က ပြန်ဆုတ်မယ်တဲ့။ ၁ ရက်နေ့ရောက်တော့ ၁၀ ရက်ဖြစ်သွားကော အခု ၁၀ ရက်ရောက်တော့။ ၁၉ ရက်ပြန်ဖြစ်သွားတယ်လို့ ပြောနေကြတယ်။”
စစ်ကောင်စီ ပြန်လည်ဝင်ရောက်လာမယ့် ၁၉ ရက်မှာ သိန္နီမြို့ထဲကနေ MMDAA ပြန်လည်ဆုတ်ခွာစရာမလိုအပ်သလို စစ်ကောင်စီဘက်ကလည်း လူဝင်မှု ကြီးကြပ်ရေး (လဝက) ဌာနတစ်ခုသာ ပြန်လည်ဝင်ထိုင်ခွင့်ရှိမှာ ဖြစ်ပြီး သူတို့ရဲ့ စစ်၊ ရဲ တွေဝင်ရောက်ခွင့်မရှိဘူးလို့ သူက ဆက်ပြီးပြောပါတယ်။
“ကြားတာတော့ သူတို့ လဝကပဲ ပြန်ထိုင်မယ်။ ကျန်တဲ့ အုပ်ချုပ်ရေးတို့ စည်ပင်တို့ အရေးကြီးတဲ့အပိုင်းတွေတော့ ကိုးကန့်က ဆက်အုပ်ချုပ်မယ်လို့ ကြားသိရတာပဲ”
ဒီအခြေအနေနဲ့ ပက်သက်ပြီး ကိုးကန့်ရဲ့ လဝက နဲ့ နီးစပ်သူတစ်ဦးက “သေချာတော့ မသိဘူးဗျ။ ကျနော်လည်း အဲလိုပဲ ကြားတာ။ လူကြီးတွေကို မေးတော့လည်း မဟုတ်ဘူးပဲ ပြောနေလို့လေ” လို့ ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ် – MNDAA ဟာ သူထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မုံးကိုး၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံ စတဲ့ မြို့နယ်တွေအပြင် တအာင်းတပ် – TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ဒေသခံတွေအတွက် ကိုးကန့် မှတ်ပုံတင်တွေထုတ်ပေးနေပေမယ့် သိန္နီမြို့မှာတော့ ထုတ်ပေးခြင်းမရှိသေးပါဘူး။
ကိုးကန့်တပ်ဘက်ကတော့ သိန္နီမြို့မှာရှိတဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တယားလည်ပတ်မှုတွေကို လူမှုကွန်ရက်တွေမှာ နေ့စဉ်လိုလို သတင်းထုတ်လွှင့်လျက်ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။