မိုင်းရူပ၊ ဒီဇင်ဘာ ၁၅ ရက်၊ မိုးကုတ်
တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ စစ်အင်အားတွေ ထပ်မံဖြည့်တင်းထားတယ်လို့ မြေပြင်အခြေအနေသိရှိတချို့က ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြင်ဦးလွင်- နောင်ချိုလမ်းပိုင်းကနေတစ်ဆင့် မိုးကုတ်မြို့ဘက်ကို စစ်အင်အား တွေဖြည့်တင်းနေပြီး နောင်ချို- မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
“မနေ့အထိ လယ်ကြီးကနေ မိုးကုတ်ဘက်ကို ဝင်လာသေးတယ်။ တောင်နီဘက်ကိုလည်း အင်အားတွေ ဖြည့်ထားတယ်။ ဒီနေ့လည်း မိုးကုတ်အထွက် ၅ မိုင်ဘက်ကနေ တော်လှန်ရေးတပ်တွေ ရှိတဲ့နေရာကို ထိုးစစ်ဆင်ဖို့ ပြင်နေတယ်” လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိ မိုးကုတ်မြို့ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ချီရှိနိုင်ပြီး မိုးကုတ်ဗျူဟာကုန်းအပါအဝင် ဆေးရုံ၊ ဘောလုံးကွင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲထားတယ်လို့ သူကဆက်ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁၄ ရက်အထိ မိုးကုတ်အရှေ့ပိုင်းအနီး ဆတ်အင်းပြန့်ကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်အကြား တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
ပြင်ဦးလွင်- မိုးကုတ်၊ မိုးကုတ်- မိုးမိတ်လမ်းပိုင်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး တခြားမြို့ပြင်ကနေရာတွေကိုတော့ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။
မိုးကုတ်မြို့တွင်းကို စစ်ကောင်စီတပ်ပြန်ဝင်လာတာ ၂ ပတ်နီးပါရှိလာပြီဖြစ်ပြီး လက်ရှိအချိန်အထိ အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်မစနိုင်သေးသလို မြို့ခံအများစုလည်း နေရပ်ပြန်မလာနိုင်သေးဘဲ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကလည်း မိုးကုတ်နဲ့ မိုးမိတ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမယ်လို့ NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလက်က မနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြောကြားထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။