လွေးဇွန်မိုး၊ နိုဝင်ဘာ ၃ ရက်၊ ပင်းတယ
ရှမ်းတောင် ဓနုဒေသ ပင်းတယမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS က မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုပြီး ဒေသခံ အမျိုးသား ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်ကစပြီး မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိုင်းအင်၊ ဆင်ကျုံး၊ အိုးကုန်း၊ ကျောက်ပလ္လင်၊ တောင်ပု၊ မြေနီကုန်း စတဲ့ကျေးရွာက လူငယ်အမျိုးသား ၂၄ ဦးကို RCSS တပ်က လိုက်လံ ဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့က ဆေးသမား ၂ ယောက်လောက် ဖမ်းတာတော့ ဟုတ်တယ်။ ဖမ်းပြီးတော့ အဲဒီဆေးသမားရဲ့ သူငယ်ချင်းတွေ မူးယစ်ဆေးဝါး သုံးစွဲသူတွေကော မသုံးတဲ့ ဒီလိုရိုးရိုးသူငယ်ချင်းတွေကော အကုန်လုံး ခေါ်သွားတာ အခုဆို ၂၄ ယောက်လောက်ရှိပြီ။ ပိုက်ဆံနဲ့ ရွေးလို့လည်း မရဘူး။ ပိုက်ဆံနဲ့ လိုက်ရွေးတော့လည်း သူတို့က လက်မခံဘူး။ ကျနော်တို့ဘက်မှာတော့ သူတို့(RCSS)ရောက်လာရင် တအား စိတ်သောက ရောက်ရတယ်။ စိတ်ပင်ပန်းရတယ်။ အသွားအလာ အခက်အခဲရှိတယ်။ အသွားအလာ ဒုက္ခရောက်တယ်”
ဖမ်းဆီးခံရသူတွေထဲ မူးယစ်ဆေးဝါး မသုံးစွဲသူတွေလည်း ပါဝင်နေပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ ၂၄ ဦး ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပေမဲ့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတွေနဲ့ မိသားစုဝင်ကို တွေ့ဆုံခွင့် မပေးသလို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာကိုလည်း ဒေသခံတွေ မသိရဘူးလို့ ဆိုပါတယ်။
RCSS တပ်ဟာ ဗထူးတပ်ရဲ့ အကူအညီ တောင်းမှုကြောင့် ပင်းတယမြို့နယ် မိုင်းအင်ရွာအဝင်မှာ လုံခြုံရေးအတွက်ဆိုပြီး လာရောက် တပ်စွဲထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း ရပ်စောက်မြို့နယ် လှည်းတိုးရွာကနေ ပင်းတယမြို့နယ် မိုင်အင်ရွာဘက်လာတဲ့ ၂၃ နှစ်အရွယ် ကိုရဲဝင်းနိုင်ကို မိုင်းအင်ရွာအဝင်ရှိ RCSS ရဲ့ စစ်ဆေးရေးဂိတ်က ကား တားရာမှာ ကားမရပ်လို့ဆိုပြီး ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။