ရွှေဖီမြေ၊ မေလ ၈ ရက်
ရခိုင်လူမျိုးတို့အတွက် အရေးပါပြီးထင်ရှားတဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးလှစော ကွယ်လွန်သွားတဲ့အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PSLF/TNLA က ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ကြောင်း ဒီကနေ့ မေလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဦးလှစောက ပြီးခဲ့တဲ့ မေလ ၅ ရက်မှာ (၉၆)ပါးသောရောဂါနဲ့ အသက် ၇၂ နှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ အာရက္ခတပ်တော် ULA/AA တို့အတွက် တန်းဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့ ပေးပို့တဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ဦးလှစောက ၁၉၆၉ ခုနှစ်ကတည်းကစပြီး နိုင်ငံရေးထဲပါဝင်လှုပ်ရှားခဲ့ပြီး မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်အဆက်ဆက်က သူ့ကို ၁၉၇၅ ခုနှစ်မှာ ထောင်ဒဏ် ၉ နှစ်နဲ့ ၁၉၈၈ ခုနှစ်မှာ ထောင်ဒဏ် (၁၄) နှစ် စတဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပြီး ညှင်းပန်းနှိပ်စက်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ရခိုင်လူမျိုးတို့အတွက် ဦးဦးလှစောက နိုင်ငံရေးသမား၊ စာရေးဆရာ၊ ကဗျာဆရာ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ULA/AA နိုင်ငံရေးမှူးစတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ရပ်နားခြင်းမရှိဘဲ လုပ်ဆောင်လာခဲ့သူဖြစ်ပါတယ်။