မိုင်းရူပ၊ မေလ ၄ ရက်
စစ်တပ်အာဏာသိမ်းတာကို ခံနေရတဲ့ မြန်မာနိုင်ငံမှာ လူထုတွေက အာဏာရှင် စစ်ကောင်စီ ပြိုကျဖို့ ကြိုးစားနေချိန် တရုတ်နိုင်ငံက ၎င်းရဲ့ အကျိုးစီးပွား မထိခိုက်ဖို့သာ လိုလားနေတယ်လို့ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။
“အာဏာသိမ်းပြီးမှ လူထုတွေကို မတရား သတ်ဖြတ်တယ် အနိုင်ကျင့်တယ်။ လေကြောင်းနဲ့ တိုက်ခိုက်တယ်။ အဲဒါကြောင့်မို့လို့ တပ်မတော်ကို ဖြုတ်ချပြီးမှ စကစကို ဖြုတ်ချပြီးမှ ကျနော်တို့ရဲ့ နိုင်ငံကို ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်လို့ ဒီလိုပုံစံမျိုး ကျနော်တို့ နိုင်ငံသားတွေက ချဉ်းကပ်ပါတယ်” လို့ ဗိုလ်မှူးကြီး တားပန်လက ဒီနေ့ မေလ ၄ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာ့အရေးကို နိုင်ငံသားတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပေမဲ့ အိမ်နီးချင်းနိုင်ငံနဲ့ လူထုတွေကို ကင်းကွာလို့ မရကြောင်း ဗိုလ်မှူးကြီး တားပန်လက ဆိုပါတယ်။
“အိမ်နီးချင်း ချဉ်းကပ်တာက ဒီနိုင်ငံ သူတို့ဘေးမှာရှိနေတဲ့ နိုင်ငံတစ်နိုင်ငံက ဒါတည်ငြိမ်မှု မရှိနေဘူး။ တည်ငြိမ်မှု မရှိတဲ့အတွက် သူတို့ရဲ့နယ်စပ်မှာ ထိခိုက်မှု ရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီနိုင်ငံက တည်ငြိမ်ဖို့ လိုအပ်တယ်ဆိုတဲ့ပုံစံမျိုး တည်ငြိမ်မှု ရရှိဖို့သာ ချည်းကပ်တာမျိုးဖြစ်တယ်။ အမှန်တကယ်တော့ ဒါကျနော်တို့ နိုင်ငံ့အရေး ဖြစ်တဲ့အတွက် ကျနော်တို့ နိုင်ငံသားတွေမှာပဲ အဓိက ဆုံးဖြတ်ပိုင်ခွင့်က ရှိပါတယ်။ သို့ပေမဲ့လည်း ကျနော်တို့က အိမ်နီးချင်းနဲ့ရော ကမ္ဘာ့လူထုတွေနဲ့ရော ကင်းကွာလို့ မရပါဘူး”
စစ်ကောင်စီက လူထုတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို တရုတ်နိုင်ငံထံ ရှင်းပြဖို့ လိုအပ်ကြောင်းလည်း ဆိုပါတယ်။
ထိန်းချုပ်နယ်မြေကို စစ်ကောင်စီက ပြန်ပေးဖို့ တောင်းဆိုချက်ကို တအာင်းတပ်ဘက်က လက်ရှိအချိန်ထိ လက်ခံတာ မရှိသေးဘဲ စစ်အာဏာရှင် တော်လှန်ရေးမှာ ဆက်လက် ပါဝင်သွားမယ်လို့ PSLF/TNLA က ပြောပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဧပြီ ၂၈ နဲ့ ၂၉ ရက်မှာ စစ်ကောင်စီနဲ့ TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့ကနေ ဆုတ်ပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို တအာင်းတပ်က လက်မခံတာကြောင့် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်ထဲ စစ်တပ်က ဒီရက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးဆက်တိုက် ကြဲနေပါတယ်။