ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၁ ရက်
တပ်ဖွဲ့ဝင် (၅၄၃) ဦးတက်ရောက်ခဲ့တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို တောတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ တအာင်းတပ်က မနေ့ ဒီဇင်ဘာ ၁၀ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီသင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒီအခြေခံစစ်သင်တန်းဟာ PSLF/TNLA ရဲ့ အပတ်စဥ် (၆၈) စစ်သင်တန်းဖြစ်တယ်လို့ ဆိုပါတယ်။
စစ်သင်တန်းကာလ ၃ လအတွင်း စစ်ဆင်းရေးနဲ့ ရှေ့တန်းမှာ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်မှုအဆင့်ရှိစေဖို့ အဓိက သင်ကြားပေးခဲ့တာ ဖြစ်တယ်လို့ TNLAရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
သင်တန်းဆင်းပွဲကို PSLF/TNLA ရဲ့ စစ်ဦးစီးအရာရှိချုပ်ဗိုလ်မှူးချုပ် တားနောရိူန်းနဲ့ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လတို့ တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း အခြေခံစစ်သင်တန်း အပတ်စဥ် ၆၇ အဖြစ် တပ်ဖွဲ့ဝင် ၈၈၂ ဦးကို တအာင်းတပ်က အခြေခံစစ်သင်တန်းဆင်းထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ PSLF/TNLA က ရှမ်းမြောက် နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေကို စီမံအုပ်ချုပ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။