ဓာတ်ပုံ- လားရှိုး ပြန်လည်ထူထောင်ရေး

အင်းငယ်၊ ဇန်နဝါရီ ၂၅ ရက်

ကိုးကန့်တပ်မတော်- MNDAA နဲ့ စစ်ကောင်စီတပ်တို့အကြား အပစ်ရပ် သဘောတူညီချက်ကြောင့် နွေဦးတော်လှန်ရေးအတွက် တစ်စုံတစ်ရာ အကျိုးရှိလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူနဲ့ CDM ဗိုလ်ကြီးတွေက ပြောပါတယ်။

စာချုပ်ပါ အကြောင်းအရာတွေကို လတ်တလော မသိရသေးပေမဲ့ လာမယ့် ဇွန်လအတွင်း ချုပ်ဆိုမယ့် စာချုပ်ဟာ MNDAA သိမ်းယူထားတဲ့ နယ်မြေတွေကို အပိုင်သတ်မှတ်ပေးလိုက်တဲ့သဘော ဖြစ်တယ်လို့ ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က “စစ်တပ်ဖက်က ကျည်ဆံတစ်ချက် ဖောက်တာနဲ့ ဒီဟာက အလကား ဖြစ်မှာပဲ။ စစ်တပ်ဖက်က ဘာလို့မထုတ်ပြန်တာလဲဆိုတော့ 3BHA (ညီနောင်မဟာမိတ် ၃ ဖွဲ့)ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာ။ တရားမဝင် အစိုးရက သွားပြီးတော့ ဆွေးနွေးတယ်ဆိုတာကိုပဲ အရှက်က တော်တော်ကွဲနေပြီပေါ့နော်။ အဲတော့ သူတို့က လားရှိုးကို ပြန်ပေးပါ သူတို့ကို နယ်မြေတစ်ခု သတ်မှတ်ပါမယ်ဆိုတဲ့ ဒီလိုမျိုးစကားတွေတော့ ရှိလာတယ်။ MNDAA ရဲ့ တရားဝင် ထုတ်ပြန်ချက်မျိုးကိုတော့ အချိန်ယူပြီး စောင့်ကြည့်သင့်တယ်။ လက်ရှိ အနေအထားကတော့ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် အဖြေထွက်လာပြီး ထုတ်ပြန်လိုက်တဲ့သဘောပေါ့။ အားသာချက်က MNDAA အတွက် ၆ လပိုင်းပေါ့နော် ၅ လလောက်အထိ ပြင်ဆင်ချိန် ထပ်ရတာပေါ့။ ဒီအနေအထားမှာ စစ်ကောင်စီဖက်က ထဖောက်ရင်လည်း တရားဝင် တိုက်လို့ ရတာပေါ့” လို့ ပြောပါတယ်။

MNDAA အနေနဲ့ နေ့စဉ်ရက်ဆက် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှု စတဲ့ဖိအားကြောင့် အပစ်ရပ်သဘောတူညီချက် ရယူခဲ့တာလို့ ဆိုကြပါတယ်။

ဒါ့အပြင် MNDAA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်လည်း တရုတ်နိုင်ငံမှာ ဆေးကုနေတယ်လို့ ထုတ်ပြန်ထားပေမဲ့ လူလုံးထွက်ပြတာမျိုး မရှိသေးသလို ပြန်လာခွင့် ရ မရလည်း မသိရသေးတာကြောင့် MNDAA ‌အနေနဲ့ အဲဒီဖိအားတွေ ရင်ဆိုင်နေရတာပါ။

“စာချုပ်က သဘောတူညီမှုပဲ ရှိသေးတယ်။ လက်မှတ် မထိုးရသေးဘူးလို့ ကြားတယ်။ အပစ်ရပ်တယ်ဆိုတာလည်း ဒါဖိအားပေးလို့ပေါ့နော်။ စာချုပ်ကြောင့် တော်လှန်ရေးကိုတော့ မထိခိုက်ပါဘူး။ တော်လှန်ရေး အင်အားစုတွေလည်း သူတို့နဲ့ လက်တွဲခဲ့ကြတော့ MNDAA လည်း ဒါကို သိမှာပါ။ အကျဉ်းအကြပ်ထဲကနေ ဖောက်ထွက်လာမယ်လို့ ထင်ပါတယ်” လို့ ဗိုလ်ကြီး ဇင်ယော်က ဆက်လက် သုံးသပ်ပါတယ်။

အပစ်ရပ် ကာလအတွင်း လမ်းကြောင်းတွေ ပွင့်လာတဲ့အခါ MNDAA အနေနဲ့ စစ်လက်နက်၊ ရိက္ခာ ဖြည့်တင်းနိုင်တဲ့ အားသာချက် ရှိလာနိုင်ပြီး အပစ်ရပ် သဘောတူညီချက်ဟာ နှစ်နိုင်ငံ နယ်စပ်ကြားပြဿနာ ဖြစ်တာကြောင့် နွေဦးတော်လှန်ရေးနဲ့ သက်ဆိုင်မှု မရှိဘူးလို့ စစ်ရေး သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဒါ့အပြင် MNDAA အနေနဲ့လည်း ရှမ်းမြောက်မှာ လားရှိုးထက်ကျော်ပြီး နယ်မြေ ထပ်ချဲ့လို့ မရတာကြောင့် အပစ်ရပ်ခြင်းဟာ အကောင်းဆုံးအဖြေ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောဆိုပါတယ်။

“ကိုးကန့်အနေနဲ့ကလည်း သိန္နီ၊ လားရှိုး ဒီဖက် ကျော်ပြီးတော့ စစ်ရေးအရ ဆက်လက် ပါဝင်လှုပ်ရှားဖို့ မသင့်လျော်တဲ့ အခြေအနေအောက်မှာ ဒီလို စစ်ရပ်စဲလိုက်တဲ့အတွက် နွေဦးတော်လှန်ရေးမှာ ဘာမှထိခိုက်မှု မရှိဘူးလို့ သုံးသပ်ပါတယ်”

အပစ်ရပ်သဘောတူညီချက်ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် လမ်းစတစ်ခုဖြစ်ပြီး တရုတ်ဖက်က ကြားဝင်ညှိနှိုင်းပေမဲ့ မြေပြင်မှာ တစ်ကယ် လိုက်နာနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

လက်ရှိ အနေအထားအရ နမ့်လန်နဲ့ မိုင်းရယ်မှာ စစ်တပ်က အင်အား ၁ သောင်းခန့် ဖြည့်တင်းထားပြီး အပစ်ရပ်ကာလတွင်း MNDAA ဖက်ကလည်း အုပ်ချုပ်ရေးယန္တရား တည်ဆောက်လာနိုင်တာကြောင့် နှစ်ဖက်လုံးအတွက် အားသာချက် ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ မြတ်ကိုကိုက ပြောပါတယ်။

“နမ့်လန်နဲ့ မိုင်းရယ်မှာ ရောက်နေတဲ့တပ်တွေ ထုတ်ရဲမလား စောင့်ကြည့်ရမှာ။ လားရှိုးတုန်းက ထုတ်လိုက်တာ တစ်လနဲ့ မြို့ပါ ပေးလိုက်ရတယ်။ တပ်ထုတ်ပြီး မတိုက်ရင်တော့ MNDAA အားသာချက်ပေါ့။ နှစ်ဖက်လုံးမှာ ကိုယ်စီ အားသာချက် ရှိကြတယ်”

လက်ရှိမှာ သတင်းမီဒီယာတွေဘက်က လားရှိုးမြို့ကို MNDAA အနေနဲ့ ပြန်ပေးရမယ်လို့ ရေးသားဖော်ပြထားပေမဲ့ တရုတ်နိုင်ငံရဲ့ မီဒီယာတွေမှာ ဖော်ပြနေတဲ့ အင်တာဗျူးအရ နယ်စပ်ဒေသ လုပ်ပိုင်ခွင့်နဲ့ စစ်ကောင်စီရဲ့ ရုံးပိုင်းဆိုင်ရာလုပ်ငန်းစဉ် လွှဲပြောင်းပေးဖို့သာ ပါရှိတယ်လို့ သိရပါတယ်။

လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကို MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ၂ဝ၂၄ ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။