လွေးလာဝ်ဇာရ်၊ နိုဝင်ဘာလ ၁၆ ရက်၊ ညောင်ရွှေ
ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးတောင်ပိုင်း(စံကားဒေသ)မှာ ပအိုဝ်းပြည်သူ့စစ် (PNO/PNA)ခေါင်းဆောင် နေးဝင်ထွန်း ကိုယ်တိုင်ကွင်းဆင်းပြီး ဒေသခံတွေကို ရှေ့တန်းထွက်ခိုင်းနေတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကျေးရွာတွေဘက်ကို ကွင်းဆင်းတွေ့ဆုံချိန်မှာ တစ်ရွာကို လူနှစ်ဆယ်ဦးအထိ သွားရမှာဖြစ်ပြီးတော့ စစ်သင်တန်း မတက်ရသေးတဲ့သူတွေကိုပါခေါ်ယူပြီး ဖယ်ခုံ၊ မိုးမြဲ၊ ပင်လောင်းစတဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ပို့ခံရတယ်လို့ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “ဟုတ်ပါတယ်။ ခရိုနီနေဝင်းထွန်း ကိုယ်တိုင် ကွင်းဆင်းပြီး သွားခိုင်းတာ။ မဲနှိုက်ခိုင်းတာ ၁၅ ဦးကနေ ၂၀ အထိ သွားခိုင်းတာ။ သင်တန်းမတက်ဖူးတွေရော တက်ပြီးတဲ့သူတွေရော သွားရတယ်။ အဲလူတွေ အခုထိ တစ်ယောက်မှ ပြန်လာတာ မတွေ့သေးဘူး။ အဲဘက်မှာတိုက်ပွဲတွေ ပြင်းထန်ပြီးတော့မှ PNO တွေ ကျဆုံးများတယ်။ အနောက်မှာ ကျန်ခဲ့တဲ့ သူတို့မိသားစုတွေကတော့ စိုးရိမ်ပူပန်နေကြရတယ်” လို့ ပြောပါတယ်။
PNO ခေါင်းဆောင်ကိုယ်တိုင် ကွင်းဆင်းသွားခဲ့တဲ့ကျေးရွာတွေဟာ စံကားဒေသဖြစ်တဲ့ ထီရီးကျေးရွာ၊ နမ့်ဗွန်ကျေးရွာနဲ့ ရေပူကျေးရွာ အပါအဝင် တခြားကျေးရွာတွေလည်း သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရှေ့တန်းသွားတဲ့ PNO စစ်သားတွေအတွက် ထမင်းထုတ် ပို့ဆောင်ပေးရသလို စံကားဒေသမှာလည်း ကင်းလှည့်ခိုင်းနေတယ်လို့ အထက်ပါသူက ဆိုပါတယ်။
“အဲဘက်က ဒေသထံတွေ တော်တော်ဆိုးရွားဖြစ်တယ်။ PNO အတွက် ထမင်းထုတ်တွေ ပို့ပေးရတယ်။ စံကားဒေသမှာ ကင်းစောင့်ပေးရနဲ့ ကင်းလှည့်ပေးရနဲ့ ကြုံနေရတယ်။ သူတို့ယူနီဖောင်း ဝတ်ခိုင်းပြီးမှ ခိုင်းနေတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်ကစနေ အခုအချိန်အထိ ကျေးရွာဘက်ကို ဆက်တိုက်ကွင်းဆင်းပြီးတော့ ဒေသခံတွေကို လိုက်လံခေါ်ယူပြီး ရှေ့တန်းသွားခိုင်းတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေတုန်းဘဲလို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။