ပို့လဘား၊ ဇန်နဝါရီ ၁၄ ရက်၊ ဆီဆိုင်
ရှမ်းတောင် ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းတပ်မတော်- PNLA ရဲ့ တပ်သား ၅ ဦးကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ စစ်တပ်နဲ့ PNO က စစ်ကြောင်း ထိုးလာပြီး ဆီဆိုင်မြို့နယ် ထီစုံရွာအနီး PNLA တပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံက “၁၂ ရက်နေ့ကတော့ တိုက်ပွဲ တစ်နေကုန်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ထက်မနည်း ကျဆုံးခဲ့တယ်။ ကျနော်တို့ရဲ့ ရဲဘော်တစ်ဦးလည်း ကျဆုံးသွားတယ်။ ရဲဘော် ငါးဦးလည်း အဖမ်းခံခဲ့ရပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေ မဟုတ်ပါဘူး။ စစ်အာဏာရှင်ကို တိုက်ဖြတ်နေတဲ့ တိုက်ပွဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ PNLA တပ်သား ၅ ဦးကို ဇန်နဝါရီ ၁၃ ရက် မနက် ၁၀ နာရီကျော်မှာ PNO က နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
စစ်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို PNLA အနေနဲ့ နှိပ်စက်သတ်ဖြတ်တာမရှိဘဲ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းခဲ့ပေမဲ့ PNO က ဖမ်းဆီးခံရတဲ့ PNLA ရဲ့ တပ်သား ၅ ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၃ နာရီမှာလည်း ဆီဆိုင်မြို့နယ် ဖြီကျွတ်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်ကလည်း စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ရွာသို့ အလည်ပြန်တဲ့ PNLA တပ်သား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးပါတယ်။