ရွှေဖီမြေ၊ နိုဝင်ဘာ ၁၄ ရက်၊ နေပြည်တော်
နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ရတနာမြေအခြေပြုလုံခြုံရေးစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ၀င်ရောက်စီးနင်းခဲ့ပြီး ခဲယမ်းတချို့နဲ့ငွေသားတချို့ သိမ်းဆည်းမိခဲ့တယ်လို့ PLA က ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က မည်းသင်းမြို့နယ်ကနေ စစ်ကြောင်း တစ်ကြောင်း၊ နေပြည်တော်နယ် အမြန်လမ်းကနေ စစ်ကြောင်းတစ်ကြောင်း၊ အခြေပြုစခန်း နှစ်ခုကနေ စစ်ကြောင်းတစ်ကြောင်းစုစုပေါင်း စစ်ကြောင်း သုံးကြောင်းနဲ့ နယ်မြေစိုးမိုးရေးစစ်ကြောင်းထိုးနေစဥ် ပြီးခဲ့တဲ့ နို၀င်ဘာ ၁၂ ရက် ညနေမှာ ၎င်းတို့ရဲ့ တပ်စခန်းကို PLA က ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။
စခန်းကို ၀င်ရောက်စီးနင်းချိန်မှာ စစ်ကောင်စီတပ်ကစခန်းစွန့်ခွာ ထွက်ပြေးသွားပြီး စခန်းအတွင်းရှိ ကင်းကြည့်မျှော်စင်နဲ့ ဘန်ကာတွေကို စီးနင်းနိုင်ခဲ့ပြီး စခန်းတွင်း ၀င်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၃ ရက်မှာတော့ စခန်းတခုလုံးကို ဒုတိယအကြိမ် ထပ်မံရှင်းလင်းခဲ့ပြီး ကျည်တချို့၊ ငွေသားအချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းဟာ ရတနာမြေအခြေပြုလုံခြုံရေးစခန်းရဲ့ အနီးကပ်ရွာနှစ်ရွာမှာ စစ်ကြောင်းထိုင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။