အိုက်ပွီး၊ စက်တင်ဘာ ၂၀ ရက်၊ ကလေး
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်က ဆက်သွယ်ရေး ဖုန်းလိုင်း နဲ့ အင်တာနက်လိုင်းတွေကို တစ်ပတ်ကြာတဲ့အထိ ဖြတ်တောက်ထားပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလေးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး စက်တင်ဘာလ ၂၀ ရက်နေ့ ဒီကနေ့ထိ Ooredoo၊ Mpt၊ Atom၊ Mytel စတဲ့ဖုန်းခေါ် ဆိုမှု၊ စာတိုပေးပို့မှု အင်တာနက် သုံးစွဲမှုတို့ကို စစ်ကောင်စီက ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။
“သြဂုတ်လကတည်းက Atom၊ Mpt၊ Mytel အင်တာနက်တွေ မရတာပါ။ ဒီလမှာ ဖုန်းလိုင်းတွေပါ မရတာ။ Ooredoo ဖုန်းလိုင်းနဲ့ အင်တာနက်က ဒီလ ၁၂ ရက်နေ့ကစပြီး ပြတ်တောက်တာပါ။”လို့ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ကလေးမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပိတ်ထားပြီး ညဘက်တွေမှာလည်း စစ်ကောင်စီတပ်က လူငယ်ရှိတဲ့ အိမ်တွေပေါ်တက်ပြီး ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်နေပါတယ်။
“အခုဖမ်းဆီးမှုက အရင်ကဟာနဲ့ မတူတော့ဘူး။ ညဘက်တွေမှာ အိမ်ပေါ်တက်ပြီး ဖမ်းဆီးမှုတွေ လုပ်လာတယ်။ တစ်ညဖမ်းပြီဆိုရင် ၅ယောက်၊ ၆ ယောက်လောက် ဖမ်းခေါ်သွားတယ်။ ဒီရက်ပိုင်း ဆက်တိုက်ပါပဲ။ အဲလိုဖမ်းဆီးတဲ့ခါ အင်အားအများပြားနဲ့ ဖမ်းဆီးတာပါ။”လို့ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ကလေးမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး ကလေး-တမူး ကုန်သွယ်ရေးလမ်း ပြန်ရဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
“စစ်ကောင်စီက အရင်ကလည်း တိုက်ပွဲဖြစ်တာဖြစ်ဖြစ်၊ ထိုးစစ်ဆင်တာ၊ စစ်ကြောင်း ထိုးတာဖြစ်ဖြစ် ဖုန်းလိုင်းနဲ့ အင်တာနက်တွေ မကြာခဏ ပိတ်လေ့ရှိတယ်။ အခုလည်း ကလေး-တမူး ကုန်သွယ်ရေးလမ်းကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာပါ။ အဲဒါကြောင့် ဆက်သွယ်ရေးလိုင်းတွေ အားလုံးဖြတ်တောက်ထားတာပါ” လို့ ကလေးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ကလေး-တမူး ကားလမ်းတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လကတည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေမှုအမြဲရှိပြီး အခုရက်ပိုင်းလည်း ကလေးမြို့ကနေ အင်အား ထပ်ဖြည့်လာတာကြောင့် စစ်ရေးပိုမိုတင်းမာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ကလည်း ကလေး-တမူး ကားလမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမှတ် (၁) စစ်ဒေသက စက်တင်ဘာလ ၁၁ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။