မိုင်းရူပ၊ ဇူလိုင် ၃၀ ရက်၊ မိုးကုတ်
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ဗုံးကြဲခံရမှုမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးတစ်လုံးကို ဖယ်ရှားပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ မိုးကုတ်မြို့နယ်က ထုတ်ပြန်ထားပါတယ်။
မနေ့ ဇူလိုင်လ ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရပ်ကွက်တွေထဲကို ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အဲထဲက ဗုံးတစ်လုံးဟာ မပေါက်ကွဲဘဲ ကျန်ရှိနေတာ ဖြစ်ပါတယ်။
မပေါက်ကွဲသေးတဲ့ ဗုံးသီးကို မိုးကုတ် PDF ဘက်က အသက်စွန့်ပြီး စနက်တံဖြုတ်ယူကာ ရှင်းလင်းပေးခဲ့ရတယ်လို့ မိုးကုတ်မြို့နယ် ပကဖကရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မနေ့ မိုးကုတ်မြို့ ဗုံးကြဲခံရမှုမှာ အရပ်သား ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရကာ နေအိမ် ၁၈ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
“အခုက လမ်းတွေလည်းပိတ်။ လေယာဥ်လည်း ကြဲနေတော့ လူထုတွေတော့ စိုးရိမ်နေရတယ်ပေါ့။ စကစ လော်ဘီတွေလည်း ဆက်တိုက်ဝါဒဖြန့်နေတော့ လူတွေတော့ စိုးရိမ်နေရတယ်” လို့ မိုးကုတ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင်လ ၂၉ ရက် ၅ နာရီခွဲမှာ မိုင်းလုံမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချပြီး ဒေသခံ ၁ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်အစောပိုင်းမှာလည်း ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ်(၂) ဟိုတယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၁ ဦးအပါအဝင် ၆ ဦး သေဆုံးသူပြီး ဒဏ်ရာရသူ ၈ ဦးအထိ ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။