အိုက်ပွီး၊ မတ်လ ၂၄ ရက်၊ ကလေး
စစ်ကိုင်းတိုင်း ကလေးမြို့မှာ တော်လှန်ရေး ရံပုံငွေနဲ့အတူ စစ်ကောင်စီထံ ပူးပေါင်းသွားတဲ့ PDF ရဲဘော်တစ်ဦး အချင်းချင်း လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ကလေးမြို့နယ်အခြေစိုက် PDF ရဲဘော် နဲ့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
မတ်လ ၂၁ ရက် ည ၈ နာရီဝန်းကျင်မှာ ကလေးမြို့ထဲ ပျူစောထီးဝင်တွေတပ်စွဲထားတဲ့ မင်္ဂလာဥယျာဉ် ဘုန်းကြီးကျောင်းဝိုင်းမှာ ပျူစောထီး တပ်ဖွဲ့ဝင်တစ်ဦးရဲ့ လုပ်ကြံတာကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။
“သူ့ကိုယ်သူ သတ်သေတယ်ဆိုပြီး သတင်းလွှင့်တယ်။ သူ့ကိုယ်သူ သတ်တယ်ဆိုရင် သေနတ်က တစ်ချက်လောက်ပဲပေါ့။ အခုက သေနတ် နှစ်ချက် ကြားရတယ်။ ပြီးတော့ အခင်းဖြစ်တဲ့ ဘုန်းကြီးကျောင်းထဲလည်း ဘယ်သူမှ ဝင်ဖို့မပေးဘူး” လို့ ကလေးမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လုပ်ကြံခံရသူဟာ စစ်ကောင်စီထံ ပူးပေါင်းသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (ကလေး)ရဲ့ ရဲဘော် ကိုဇင်ကိုဦးဖြစ်ပြီး သူဟာ ၂၀၂၃ ခုနှစ်တုန်းက တော်လှန်ရေး ရံပုံငွေအပြင် သေနတ်တစ်လက်နဲ့အတူ စစ်ကောင်စီထံ ပူးပေါင်းသွားတာပါ။
အလောင်းကို မိသားစုဝင်ထံ မပေးသလို အကြောင်းလည်းမကြားပဲ ညတွင်းချင်း ပြင်သာသင်္ချိုင်းမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်က သဂြိုလ်လိုက်တယ်လို့ သိရပါတယ်။