ရွှေဖီမြေ၊ မတ်လ ၃၀ ရက်၊ စစ်ကိုင်း
ငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းတိုင်းမှာ သေဆုံးသူ အလောင်း ၈၈ ဦး တွေ့ရှိထားပြီး ၃၈ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။
ငလျင်ဘေးကြောင့် ထိခိုက်တဲ့နေရာတွေကို ကယ်ဆယ်ရေး လုပ်ဆောင်နေပြီး အသက်ရှင်ကျန်ရစ်သူ ၃၆ ဦးနဲ့ သေဆုံးသူ ၈၈ ဦးကို တွေ့ရှိထားပြီး ကယ်ဆယ်ရေး ဆက်လုပ်နေပါတယ်။
ငလျင်ဘေးကြောင့် စစ်ကိုင်းမြို့ရဲ့ နေရာအားလုံးနီးပါး ပျက်စီးနေပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ပေးနေသူ အားနည်းနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားသလို လှုမှုကွန်ရက်မှာလည်း ရေးသားနေကြပါတယ်။
ဒါ့အပြင် မန္တလေးကနေ စစ်ကိုင်းဘက်ကိုသွားတဲ့ တံတားဟာ ငလျင်ကြောင့် အက်ကွဲနေပြီး လမ်းပန်းဆက်သွယ်ရေးလည်းအခက်အခဲ ဖြစ်နေပါတယ်။
မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာမန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုတ်ခတ်ခဲ့တဲ့ ငလျင်ဟာ မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု များပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းတောင်မှာလည်း ထိခိုက်မှု များခဲ့ပါတယ်။
အလားတူ ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ဇိနောဒယပရိယတ္တိ စာသင်တိုက် သုံးထပ်ကျောင်းဆောင်နှစ်ဆောင် ပြိုကျခဲ့တာကြောင့် ဦးဇင်း ၃ ပါး ကိုရင် ၁ ပါး ပျံလွန်တော်မူပြီး ၇ ပါး ပျောက်ဆုံးနေတယ်လို့ ဖြစ်စဥ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
”သုံးထပ်ဆောင် နှစ်ဆောင်က လုံးလုံးကို ပြိုကျသွားတယ်။ အသက်ရှင်တဲ့သူတွေကိုတော့ အကုန်ကယ်ထုတ်ပြီးပြီ။ အလောင်း ၄ လောင်း ရထားတယ်။ ပျောက်ဆုံး လောလောဆယ်က ၇ ပါး ရှိသေးတယ်။ ဒဏ်ရာ ရတာက အပါး ၂၀ လောက် ရှိမယ်။ ကယ်ဆယ်ရေးကတော့ မီးသတ်က လူတွေတော့ လာနေပြီ”
အဆောက်အအုံ ပိနေတာကြောင့် ပျောက်ဆုံးနေတဲ့ သံဃာတော်တွေကို ရှာဖို့ အခက်အခဲ ရှိနေပြီး မီးသတ်တပ်ဖွဲ့က လူတွေလည်း ကူညီပေးဖို့ နည်းမျိုးစုံ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ငလျင် လှုပ်ခတ်မှုဟာ စစ်ကိုင်းမြို့ထဲ အဓိက ဖြစ်ပွားခဲ့ပြီး Anyar Memo (Research Analysis Team)ရဲ့ လက်လှမ်းမိသမျှ မှတ်တမ်းအရ နေအိမ် ၁,၆၄၈ အိမ်ထက်မနည်း ထိခိုက်တာရှိပြီး လူ ၅၆၉ ဦး သေဆုံးခဲ့တယ်လို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ငလျင် လှုပ်ခတ်မှုဟာ မန္တလေးနဲ့ စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်တာကြောင့် ထိခိုက်ပျက်စီးမှု သေဆုံးမှု အများဆုံးရှိပြီး စစ်ကိုင်းတိုင်းဘက် ကယ်ဆယ်ရေး အားနည်းနေပါတယ်။
ငလျင် လှုပ်ခတ်မှုကြောင့် အဆောက်အအုံးတွေ ပြိုကျပြီး ပိတ်မိနေသူတွေကို ရှရှား၊ တရုတ်နဲ့ မလေးရှား စတဲ့နိုင်ငံက ကယ်ဆယ်ရေးတွေ လာရောက် ကူညီပေးနေချိန် စစ်ကောင်စီက ဒီနေ့ မတ်လ ၃၀ ရက် မကွေးတိုင်း ပေါက်မြို့နယ်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် ဒီနေ့ မတ်လ ၃၀ ရက် နေ့လယ် ၁၂ နာရီအထိ သေဆုံးသူ ၂ ထောင်ကျော် ရှိလာပြီလို့ DVB သတင်းဌာနက ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။