ယာရူစိင်၊ ဩဂုတ် ၂၇ ရက်၊ သီပေါ
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် အယောက် ၄၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတွေ အဓိက လိုအပ်နေတာဖြစ်ပြီး တခြားစားဝတ်နေရေးအတွက်လည်း အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက “အရေအတွက် အတိအကျ မပြောနိုင်သေးဘူးဗျ။ ဘာလို့ဆို အတိုးအလျော့တွေ ရှိနေလို့ပါ။ ကျွန်တော်တို့ အကူအညီပေးဖို့ လုပ်နေတဲ့ နေရာတွေမှာတော့ ၄၀၀ ကျော်မယ်ဗျ။ အခက်အခဲဖြစ်နေတာတော့ စားဝတ်နေရေးက စစ်ရှောင်တွေအတွက် တော်တော်အခက်အခဲဖြစ်နေကြတယ်”လို့ ပြောပါတယ်။
စစ်ဘေးရှောင်လာသူတွေဟာ သီပေါမြို့နယ် ဆွတ်လန်းနဲ့ နားမှုံကျေးရွာခံတွေအပြင် မြို့အနီးက ကျေးရွာခံတွေလည်း ပါဝင်ပြီး အများစုကတော့ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနဲ့ နောင်ချိုမြို့နယ်က ဒေသခံတွေလည်း ပါဝင် ပါတယ်။
လက်ရှိမှာတော့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာဘက်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ကနေ ဒီနေ့ ဩဂုတ် ၂၇ ရက်အထိ တိုက်ပွဲဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။