သုတ၊ ဖေဖော်ဝါရီ ၅ ရက်၊ မိုင်းရယ်
ရှမ်းမြောက် မိုင်းရယ်မြို့နယ် မိုင်းဟကျေးရွာအနီးမှာ ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန်လုပ်ကိုင်သူ ၃၀၀ ကျော်ကို စစ်ကောင်စီက မိုင်းရယ်မြို့မှာပဲ ထိန်းသိမ်းထားပြီး လုပ်ငန်းရှင်တွေကို အလှည့်ကျ ထမင်းကျွေးခိုင်းထားတယ်လို့ မိုင်းရယ်မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်မှာ စစ်ကောင်စီလက်အောက်ခံ မိုင်းဟပြည်သူ့စစ်ခေါင်းဆောင် ဦးလာဝ်းမားဦးဆောင်တဲ့ မိုင်းဟကျေးရွာအနီးရှိ ကျားဖြန်ရုံကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၂၁ ဦးနဲ့ တရုတ်နိုင်ငံသူ ၉ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန်တွေကို စစ်ကောင်စီက မိုင်းရယ်မြို့ ရပ်ကွက် (၃) ရှိ ဂိုထောင်တစ်ခုထဲမှာ ဖမ်းဆီးထားပြီး လုပ်ငန်းရှင်တွေကို အလှည့်ကျ ထမင်းကျွေးခိုင်းထားတယ်လို့ မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မိုင်းရယ် ရပ်ကွက် (၃) မှာ ဖမ်းထားတာ။ သူတို့ရတဲ့ ပစ္စည်းတွေလည်း မနည်းဘူး။ အခုက လုပ်ငန်းရှင်တွေ တစ်လှည့်ဆီ ထမင်းသွားကျွေးရတာ။ အခုဖမ်းမိတဲ့နေရာက မိုင်းဟပြည်သူ့စစ် ဦးလာဝ်းမားထိန်းချုပ်တဲ့ နေရာဘဲ” လို့ ဆိုပါတယ်။
ကျားဖြန်ရုံတွေကို စစ်ကောင်စီ ဝင်ရောက်စီးနင်းစဥ် “ဝ” တပ်ဖွဲ့ UWSA တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ကျားဖြန်ဖမ်းဆီးမှုမှာ UWSA ရဲ့နာမည်ကို ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။
မိုင်းရယ်မြို့နယ်ထဲရှိ ကျားဖြန်ရုံတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေ ပြုလုပ်နေပေမယ့် မိုင်းရယ်အခြေစိုက် လက်နက်ကိုင်တပ်တွေ ပါဝင်ပတ်သက်မှုတွေ ရှိနေတာကြောင့် ကျားဖြန်ရုံ အမြစ်ပြတ်ဖို့ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းရယ်မြို့နယ်မှာ စစ်ကောင်စီတပ်အပြင် ၎င်းရဲ့ လက်အောက်ခံ မိုင်းဟပြည်သူ့စစ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ အဓိက သွားလာလှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။
ဇန်နဝါရီလကစပြီး မိုင်းရယ်နဲ့ သီပေါမြို့နယ်ရှိ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ ကျားဖြန်ရုံတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတာတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၂၂ ရက်အထိ သီပေါနဲ့ မိုင်းရယ်မြို့နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်နေတဲ့ နေရာ ၁၃ ခုကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။