ပျားကြီး၊ နိုဝင်ဘာ ၁ ရက်၊ မန္တလေး
အောင်မြေသာစံမြို့နယ် ထန်းတောနဲ့ အိုးဘိုရပ်ကွက်မှာရှိတဲ့ မန္တလေး-မတ္တရာ ရထားလမ်းဘေးက နေအိမ်တွေကို စစ်ကောင်စီက အဓမ္မ ဖြိုဖျက်ဖယ်ရှားနေတာကြောင့် ဒုက္ခရောက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းကစပြီး ၃ လမ်းနဲ့ ၉ လမ်းကြားမှာရှိတဲ့ နေအိမ်ပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးကော်မတီက စက်ယန္တရား အသုံးပြုပြီး အဓမ္မဖြိုဖျက်မှု လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
“နေစရာ မရှိတော့ဘူး။ ဒုက္ခရောက်ပြီ။ အလကားရလို့ ကျူးထားတဲ့မြေလည်း မဟုတ်ဘူး။ သူတို့ရထားလမ်းနဲ့ မလွတ်လို့ဆိုပြီး အရင်ဖျက်ထားလို့ သူတို့လွတ်တယ်လို့ပြောတဲ့ နေရာလေးမှာ ရအောင်ဆောက်နေပြန်တော့လည်း အခုကျ မလွတ်ပြန်ဘူးတဲ့။ ဖျက်သွားပြန်ပြီ။ သေသာ သေချင်တော့တယ်” လို့ နေအိမ် ဖယ်ရှားခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်ကလည်း အဲဒီရထားလမ်းဘေးက နေအိမ်တွေကို ရထားလမ်းဧရိယာနဲ့ မလွတ်ကင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းဘေးက နေအိမ်အစိတ်အပိုင်းတွေကို ဖယ်ရှားခဲ့ပြီး ၃ နှစ်အကြာမှာ ထပ်မံ ဖယ်ရှားခဲ့တာပဲ ဖြစ်ပါတယ်။
ဖယ်ရှားခံရတဲ့ နေအိမ်တွေဟာ ကျူးကျော်တွေ မဟုတ်ဘဲ ဂရန်နဲ့အထောက်အထား အခိုင်အမာရှိတဲ့ နေအိမ်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
စစ်ကောင်စီဟာ အောက်တိုဘာလအတွင်း မန္တလေးမြို့မှာ နေအိမ်ဖယ်ရှားရှင်းလင်းမှု ရုတ်တရက် ဆက်တိုက် ပြုလုပ်လာပြီး ၈၆ လမ်း၊ ရွှေတချောင်းမြောင်း အရှေ့ဖက်ခြမ်းတလျှောက်မှာရှိတဲ့ ထောင်နဲ့ချီတဲ့ နေအိမ်တွေကို ဖြိုဖျက်ဖယ်ရှားခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ် ငွေတော် ကြည်ကုန်းရပ်ကွက်က နေအိမ်ပေါင်း ၄၀၀ နီးပါးကိုလည်း ကျူးကျော်ဆိုပြီး အဓမ္မ ဖယ်ရှားရှင်းလင်းခဲ့တာ တွေ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။