ရဲမာန်၊ စက်တင်ဘာ ၇ ရက်၊ နတ်မောက်
မကွေးတိုင်း နတ်မောက်မြို့နယ် ရုံးပင်ကွက်ကျေးရွာအနီးကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၆ ရက် မနက် ၉ နာရီခွဲကျော်မှာ စက်တပ်လေထီးနဲ့ ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ရုံးပင်ကွက်ကျေးရွာအနီး ရွာတောင်ဘက်နားက ယာခင်းထဲ ဆောက်နေတဲ့အိမ်ပေါ်ကို ကြဲတာ။ ဖခင်ဖြစ်သူက သေသွားပြီး ၁၆ နှစ်အရွယ် သမီးကတော့ လက်မောင်းမှာ ဒဏ်ရာရပြီး ဆေးရုံ တင်ထားရတယ်”
အသက် ၄၀ အရွယ် ဦးဇော်ထွန်းဟာ ဦးခေါင်းနဲ့ ခြေထောက်မှာ ထိမှန်ခဲ့ရာ သေဆုံးခဲ့ပြီး အသက် ၆၀ အရွယ် ဦးဝင်းပုနဲ့ ၁၆ နှစ်အရွယ် မဇူးဇူးစံဟာ ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက် ည ၈ နာရီခွဲမှာ စစ်တပ်က လဲဘူးကျေးရွာကို လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအမိ ၃ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။