ရဲမာန်၊ ဒီဇင်ဘာ ၁၄ ရက်၊ မုံရွာ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) သို့ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ အင်အားဖြည့်လာတဲ့ ဂျိုင်ရိုကော်ပါတာ(စက်တပ်လေထီး) ၃ စီးထဲက ၁စီးပျက်ကျပြီး လိုက်ပါစီးနင်းသူ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၁၃ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ နမခအနီးမှာ အစမ်းလေ့ကျင့်ရာကနေ စက်ချို့ယွင်းပြီး ပျက်စီးခဲ့တာလို့ monywa Revolution -MR က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ပျက်ကြသွားတာကတော့ မုံရွာနမခနဲ့ မုံရွာလေဆိပ်အနီးမှာရှိတဲ့ ယူကလစ်တောထဲ ပျက်ကြသွားတာ။ ဂျိုင်ရိုကော်ပတာတော့ မသိမ်းဆည်းနိုင်ပါဘူး။ ကပ်ကျတော့ သူတို့ပဲ ပြန်ရသွားတယ်”
နမခကနေ ဒီရက်ပိုင်းတွေမှာ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတက်ပြီး ချောင်းဦးနယ်အနောက်ခြမ်း၊ ပေါက်နဲ့ မြိုင်နယ်အစပ်တွေမှာ နေရောညပါ တက်ပြီး တိုက်ခိုက်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် နေ့လည် ၁ နာရီခွဲမှာ ပဲခူးတိုင်း ဖြူးမြို့နယ်ထဲ ဗုံးလာကြဲတဲ့ Gyrocopter ၂ စီးထဲကတစ်စီး ပြုတ်ကျပြီး စစ်သား ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။