ယာရူစိင်၊ စက်တင်ဘာ ၆ ရက်၊ မြောက်ဦး
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်က လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ထပ်မံသေဆုံးသွားသူဟာ အသက် ၃၀ နှစ်အရွယ် ဒေါ်ခင်အေးယီဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၆ ရက် နေ့လယ် ၂ နာရီမှာ သေဆုံးသွားတာပဲ ဖြစ်ပါတယ်။
“သူက ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ဆေးကုသတဲ့ ဆေးရုံမှာပဲ သေဆုံးခဲ့တာပါ။ ဉီးခေါင်းမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။ သူက ဆေးရုံမှာ ဆေးကုသမူ ခံယူနေတာ ၂ ပတ်ကျော်ပြီ” လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြောက်ဦးမြို့နယ် ဒိုင်းကျီရပ်ကွက်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက် ည ၁၁ နာရီမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ကလေးအပါအဝင် ၁၅ ဦးအထိ ရှိလာပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက် နေ့လယ် ၃ နာရီကလည်း မင်းပြားမြို့နယ် ကျောက်ခုတ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးသီး သုံးလုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၃၁ ရက် ည ၁၀ နာရီဝန်းကျင်မှာလည်း မြောက်ဦးမြို့ အမှတ် (၃၁) ရဲတပ်ရင်းဟောင်းအနီး အရပ်သားတွေ နေထိုင်တဲ့ ရပ်ကွက်ထဲက နေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။