အိုက်ပွီး၊ မေလ ၁၃ ရက်၊ ဒီပဲယင်း
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာကို မနေ့ မေလ ၁၂ ရက်နေ့က စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဒဏ်ရာရရှိသူထဲက ကျောင်းသားတစ်ဦး ထပ်မံ သေဆုံးပြီး သေဆုံးသူ ၂၃ ဦးထိရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ မေလ ၁၃ ရက်နေ့ ဒဏ်ရာရရှိတဲ့ကျောင်းသားတွေထဲက တစ်ယောက် ဆေးကုရင်း ထပ်မံ သေဆုံးသွားတယ်။ မနေ့ ကျောင်းသား အယောက် ၂၀ သေဆုံးတယ်။ ဆရာနှစ်ဦးရယ် စုစုပေါင်း သေဆုံးသူ ၂၃ ဦးထိ တိုးလာခဲ့ပါတယ်။” လို့ ဒီပဲယင်းမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒီနေ့ ဒဏ်ရာရသူထဲမှ သေဆုံးသူဟာ Grade 7 တန်းမှ ကျောင်းသား မောင်စွမ်းကိုကို (ဘ) ဦးမောင်ဇော်ဖြစ်ပါတယ်။
မနေ့က အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်လို့ သေဆုံးတဲ့ ကျောင်းသားတွေဟာ Grade 2 ကျောင်းသား ၆ ဦး၊ Grade 3 ကျောင်းသား ၃ ဦး၊ Grade 4 ကျောင်းသား ၄ ဦး၊ Grade 5 ကျောင်းသား ၁ ဦး၊ Grade 7 ကျောင်းသား ၄ ဦး၊ Grade 9 ကျောင်းသား ၁ ဦး၊ Grade 10 ကျောင်းသား ၁ ဦး၊ Grade 11 ကျောင်းသား ၁ ဦးတို့ဖြစ်ပါတယ်။
သေဆုံးတဲ့ကျောင်းသား၊ ကျောင်းသူ အလောင်းတွေကို ဒီနေ့ မေလ ၁၃ ရက်နေ့ နေ့လယ်မှာ သဂြိုလ်လိုက်ပြီလို့ သိရပါတယ်။
ဒါ့အပြင် ကျောင်းသားအများစုအပါအဝင် ထိခိုက်ဒဏ်ရာရရှိမှု စာရင်းမှာ မြေပြင်စာရင်းကောက်ယူမှုအရ ၁၀၂ ဦးရှိကြောင့် အတည်ပြုထားပြီး လက်ရှိမှာ ဆေးဝါးကုသမှုတွေ ခံယူနေကြရပါတယ်။
“ဒဏ်ရာရတဲ့ထဲမှာလည်း ကျောင်းသားတွေချည်းပါပဲ။ အခုက အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေ သိပ်မရှိပေမယ့် ခြေ၊ လက်တွေ ထိထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အများကြီးပါတယ်။ အခု ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။ ဒီနေ့ရထားတဲ့စာရင်းတွေအရ ဒဏ်ရာရရှိသူ ၁၀၂ ဦးကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပါပြီ။”လို့ ဒီပဲယင်းမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ထပ်ဆင့်ပေါက်ကွဲစေတဲ့ ကလပ်စတာဗုံး အသုံးပြုခဲ့တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့မေလ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြည်သူတစ်ရပ်လုံးတန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး စစ်ကောင်စီတပ်ရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမယ်လို့ NUG က ဆိုပါတယ်။
ဒီနေ့ မေလ ၁၃ ရက်နေ့လည်း AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို စစ်ကောင်စီက လေကြောင်း ထပ်မံ တိုက်ခိုက်ပြီး အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။