ပို့လဘား၊ ဇူလိုင် ၃၀ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ စစ်ကောာင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အလောင်း ၁လောင်းထပ်မံတွေ့ရှိလို့ သေဆုံးသူ ကလေး၁ ဦးအပါအဝင် ၆ ဦးထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့ ရပ်ကွက်၂ မှာရှိတဲ့ ရာစုသစ် ဟိုတယ် ၂ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးနဲ့ ဟိုတယ်အဆောက်အဦးတချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
“ဒီမနက် နောက်ထပ်အလောင်းတစ်လောင်းပြန်တွေ့တယ်။ ပျက်စီးသွားတဲ့ အဆောက်အဦးရဲ့ကြားမှာ ယောကျာ်းလေးအလောင်း ပြန်တွေ့တာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ဦး၊အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး အသက် ၂၀ နှစ်အရွယ်ရှိတဲ့ ရမ်ကျင်ထွမ်၊ အသက် ၂၄ နှစ်ရှိတဲ့ ဆိုင်နူး၊ အသက်၂၆ နှစ်ရှိတဲ့မေရီဆန်၊ အသက် ၂၄ နှစ်ရှိတဲ့ သင်သင်အေး၊ အသက် ၂၀ နှစ်ရှိတဲ့ မရွယ်ဆိုင်၊ အသက် ၂၃ နှစ်ရှိတဲ့ ကိုရှောက်ဝမ်၊ အသက် ၃၂ နှစ်ရှိတဲ့ ကိုဖုန်းအောင်နဲ့ အသက် ၃၀ နှစ်ရှိတဲ့ ဦးသန်းထွန်းတို့က ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
မနေ့ ဇူလိုင် ၂၉ ရက်မှာလည်း မိုးကုတ်မြို့နဲ့ မိုင်းလုံမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။